သမ္မတဦးသိန်းစိန် ဆွစ်ဇာလန်နိုင်ငံရောက်ရှိ

ဥရောပ ၃ နိုင်ငံကို ခရီးထွက်နေတဲ့ သမ္မတ ဦးသိန်းစိန်ဟာ ဂျာမနီနိုင်ငံကနေ ဆွစ်ဇာလန် နိုင်ငံကို ရောက်ရှိပြီး စက်တင်ဘာ ၅ ရက် မနေ့က ၂ နိုင်ငံ ဖွံ့ဖြိုးရေးပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်တွေ ကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဆွစ်ဇာလန်အနေနဲ့ မြန်မာနိုင်ငံက ဒီမိုကရေစီအသွင် ကူးပြောင်းရေးကို တက်တက်ကြွကြွ အားပေးထောက်ခံကြောင်း၊ သမ္မတဦးသိန်းစိန် ရဲ့ခရီးစဉ်ဟာ ဒီလိုထောက်ခံအားပေးတာကို ဖော်ပြနေ တာဖြစ်တယ်လို့ ဆွစ်ဇာလန်နိုင်ငံခြားရေးဝန်ကြီးဌာန က ကြေညာချက်ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံဟာ တရုတ်နဲ့အိန္ဒိယနိုင်ငံကြီး ၂ ခုအကြား မှာရှိပြီး သဘာဝသယံဇာတအများအပြားရှိပြီး အလုပ် သမားအင်အားလည်းကြီးမားတဲ့အတွက် အာရှပစိဖိတ်ဒေသ ဖွံ့ဖြိုးရေးအတွက် အဓိကထားတဲ့ မိတ်ဖက်နိုင်ငံအဖြစ် သတ်မှတ်ထားကြောင်း ဆွစ်ဇာလန်နိုင်ငံခြားရေးဌာနက ဆိုပါတယ်။

တစ်ချိန်ထဲမှာလည်း ပြည်တွင်းမှာ ပဋိပက္ခတွေဖြစ်ပွားနေတာကို ဖြေရှင်းဖို့လိုသလို နိုင်ငံတကာ ဈေးကွက် စီးပွားရေးစနစ်ကို အမြန်ဝင်ရောက်ဖို့ စတဲ့စိန်ခေါ်မှုတွေရှိနေတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဦးသိန်းစိန်ကို ဆွစ်ဇာလန်သမ္မတ Didier Burkhalter က အခမ်းအနားနဲ့ ကြိုဆိုခဲ့ပြီး မနေ့က မနက်ပိုင်းမှာ ၂ နိုင်ငံဆက်ဆံရေးတိုးမြင့်ဖို့နဲ့ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

သမ္မတဦးသိန်းစိန်ဟာ ဆွစ်ဇာလန်နိုင်ငံကနေ နယ်သာလန်နိုင်ငံကို ခရီးဆက်မယ်လို့သိရပါတယ်။