ကျေးလက် ဖွံ့ဖြိုးရေး အောင်မြင်အောင် လုပ်မည်လို့ သမ္မတပြော

ကျန်ရှိတဲ့ အစိုးရသက်တမ်းကာလမှာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အောင်မြင်အောင်ကြိုးပမ်းသွား မှာဖြစ်တယ်လို့ သမ္မတ ဦးသိန်းစိန်က ဒီနေ့ ပြောကြားသွားပါတယ်။

နေပြည်တော်က မြန်မာကွန်ဗန်းရှင်းစင်တာမှာ ဒီကနေ့ပြုလုပ်တဲ့ အမျိုးသားအဆင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး မဟာဗျူဟာ မူဘောင်အလုပ်ရုံဆွေးနွေးပွဲမှာ သမ္မတ ဦးသိန်းစိန်က မိန့်ခွန်းပြောကြားရာမှာ အခုလိုထည့်သွင်းပြောကြားသွားတာပါ။

"ကုန်လွန်ခဲ့တဲ့ သက်တမ်းကာလအတွင်း ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များအနေနဲ့ အောင်မြင်မှု အကျိုးရလာဒ်များ ရရှိခဲ့တာရှိသလို စိန်ခေါ်မှုတွေ၊ အခက်အခဲတွေနဲ့လည်း ရင်ဆိုင်ကြုံတွေ့ရတာ အားလုံးအသိပဲဖြစ်ပါတယ်၊ ရရှိခဲ့တဲ့အတွေ့အကြုံများအပေါ် အခြေခံပြီး ကျန်ရှိနေတဲ့အစိုးရရဲ့ သက်တမ်းကာလာအတွင်းမှာ ပြည်သူတွေရဲ့ ဆန္ဒတွေကို ရည်မှန်းချက်အဖြစ်ထားရှိပြီး ဒီရည်မှန်းချက်တွေ အောင်မြင်အောင် ပြည်တွင်း ပြည်ပက ထောက်ခံအားပေးမှုတွေနဲ့ ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်"


သမ္မတဦးသိန်းစိန်က နိုင်ငံရေးနဲ့ စီးပွားရေးဟာ ဆက်စပ်မှုရှိကြောင်း နိုင်ငံရေးတည်ငြိမ်မှုရှိမှသာ လူမှုစီးပွားဘဝတိုးတက်အောင် ဆောင်ရွက်နိုင်မယ်လို့လည်း ထည့်သွင်းပြောကြားသွားပါတယ်။

အဲဒီအလုပ်ရုံဆွေးနွေးပွဲမှာ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း၊ နိုင်ငံတော်သမ္မတရဲ့ စီးပွားရေးအကြံပေး ဒေါက်တာဇော်ဦးနဲ့ နိုင်ငံခြားပညာရှင်တွေက ကျေးလက်ဒေသဖွံံ့ဖြိုးရေးဆိုင်ရာ ရည်မှန်းချက်တွေကို ဆွေးနွေးခဲ့ကြပါတယ်။