မြန်မာသမ္မတ ဦးသိန်းစိန်ဟာ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီ မြို့တော်ကို မေလ ၂ဝ ရက်နေ့ဝန်းကျင်အတွင်း လာရောက်လည်ပတ်မယ်လို့ နိုင်ငံခြားသတင်းဌာနအချို့က ပြောပါတယ်။
မြန်မာနိုင်ငံခြားရေးဌာနနဲ့ နီးစပ်သူတစ်ဦးကတော့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဟာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ သမ္မတရုံးဝန်ကြီး ဦးစိုးသိမ်းတို့အပြင် တခြားထိပ်တန်းခေါင်ဆောင်တွေလိုက်ပါပြီး ဝါရှင်တန်ဒီစီကို မေလ ၁၈ ရက်နေ့ ရောက်ရှိမှာဖြစ်ကြောင်းနဲ့ သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့အဖွဲ့ကို သွားရောက်ကြိဆိုပြီး အမေရိကန်ပြည်ထောင်စုကို ခေါ်ဆောင်လာဖို့အတွက် ဝါရှင်တန်မှာရှိတဲ့ မြန်မာသံအမတ်ကြီး ဦးသန်းဆွေဟာ ပြီးခဲ့တဲ့ ၂ ရက်ကပဲ နေပြည်တော်ကို ထွက်ခွာသွားကြောင်း RFA ကို ပြောဆိုပါတယ်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဟာ ဝါရှင်တန် ခရီးစဉ်အတွင်း အမေရိကန်သမ္မတ အိမ်ဖြူတော်ကို သွားရောက်ပြီး သမ္မတအိုဘားမားနဲ့ တွေ့ဆုံဆွေးနွေးမယ်လို့လည်းသိရပါတယ်။ အမေရိကန်သမ္မတ အိုဘားမား မြန်မာပြည်ကို ပြီးခဲ့တဲ့ နိုဝင်ဘာလက သွားရောက်ခဲ့ပြီးနောက် အခုလို သမ္မတ ဦးသိန်းစိန် အမေရိကန်ပြည်ထောင်စုကို လာရောက်မယ့် ခရီးစဉ်ပေါ်ထွက်လာတာဖြစ်ပါတယ်။
အမေရိကန်လွှတ်တော် အသိုင်းအဝန်းကရတဲ့ သတင်းအရဆိုရင်တော့ သမ္မတဦးသိန်းစိန် ဝါရှင်တန်မြို့တော်ကို ရောက်ရှိနေစဉ်အတွင်း အမေရိကန်အစိုးရက မြန်မာနိုင်ငံကို အင်္ဂလိပ်လို Burma ဘားမားလို့ ခေါ်ဆိုနေရာကနေ မြန်မာအစိုးရခေါင်းဆောင်တွေ လိုလားတဲ့အတိုင်း မြန်မာလို့ပြောင်းလဲခေါ်ဝေါ်ဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။
မြန်မာအစိုးရ ထိပ်သီးခေါင်းဆောင်တွေထဲက ဗိုလ်ချုပ်ကြီးနေဝင်းဟာ အမေရိကန်သမ္မတ Lyndon B. Johnson လင်ဒန်ဘီဂျွန်ဆင်ရဲ့ဖိတ်ကြားချက်အရ ဝါရှင်တန်မြို့တော်ကို ၁၉၆၆ ခုနှစ်က လာရောက်ဖူးပါတယ်။ သမ္မတဦးသိန်းစိန်ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ကို လာရောက်ခဲ့ပေမယ့် ကုလသမဂ္ဂညီလာခံကို တက်ရောက်ဖို့မျှဖြစ်ပြီး တခြားဒေသတွေကို သွားရောက်ခဲ့ခြင်းမရှိပါဖူး။ ဒါကြောင့် အခုခရီးစဉ်ဟာ ၁၉၆၆ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံရဲ့ ထိပ်ဆုံးခေါင်းဆောင်တစ်ဦး ဝါရှင်တန်ဒီစီ မြို့တော်ကို ပထမဆုံးအကြိမ် လာရောက်လည်ပတ်တဲ့ခရီးစဉ် ဖြစ်ပါလိမ့်မယ်။