လက်ရှိနိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဟာ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ဝင်ရောက်အရွေးချယ် မခံတော့ဘူးလို့ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ဒီနေ့ ပြောလိုက်ပါတယ်။
ဒီနေ့နေပြည်တော် ပြည်ထောင်စုလွှတ်တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက အခုလိုပြောလိုက်တာပါ။
ဒါ့အပြင် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ က မြန်မာပြည်ရဲ့ လက်ရှိနိုင်ငံရေးအခြေအနေနဲ့ ပတ်သက်လို့ စိုးရိမ်နေတဲ့အကြောင်းပြောတယ်လို့လည်း သူရဦးရွှေမန်းက ပြောပါတယ်။
သီတင်းကျွတ်ကာလမှာ အစိုးရအကြီးအကဲတွေ သွားရောက်ဂါရဝပြုတဲ့အချိန်မှာ ပြောကြား ခဲ့တာဖြစ်ကြောင်း ဒါပေမယ့် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေအနေနဲ့ နိုင်ငံရေးမှာ ပါဝင်ပတ်သက်မှာမဟုတ်ဘူး လို့ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ပြောပါတယ်။
ပြည်ထောင်စုကြံံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကို ဒီမိုကရေစီစနစ်ကျင့်သုံးဖို့ သူ့အနေနဲ့ တွန်းအားပေးသွားမှာဖြစ်ကြောင်း၊ လိုက်ပါဆောင်ရွက်နိုင်ခြင်း မရှိသူတွေဟာ ဖောက်ပြန်တဲ့သူတွေဖြစ်ကြောင်းလည်း သူရဦးရွှေမန်း က ပြောကြားခဲ့ပါတယ်။
ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းပြောကြားခဲ့တာတွေကို RFA သတင်းထောက် ကိုကျော်သူ ကောက်နှုတ်တင်ပြထားတာ နားဆင်နိုင်ပါတယ်။