ပညာရေး ပြုပြင်ပြောင်းလဲဖို့ အကြံပြုချက် သမ္မတ ဦးသိန်းစိန် လက်ခံဆွေးနွေး

မြန်မာနိုင်ငံပညာရေး ပြုပြင်ပြောင်းလဲဖို့ ဥပဒေပြင်ဆင်ရေး အဆိုတင်ထားချက်တွေကို သဘောကျကြောင်း မြန်မာနိုင်ငံ ပညာရေးကွန်ရက် အဖွဲ့ကို သမ္မတ ဦးသိန်းစိန်က ဒီကနေ့ တွေ့ဆုံပြော ကြားလိုက်ပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးပြုပြင်ပြောင်းလဲမှုကွန်ရက် NNER က ညီလာခံဆွေးနွေးချက်တွေနဲ့ ပတ်သက်ပြီး ကွန်ရက်အဖွဲ့ဝင်တွေကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဒီကနေ့ ရန်ကုန်လွှတ်တော် အဆောက်အအုံဝင်းမှာ ခေါ်ယူတွေ့ဆုံခဲ့ဆွေးနွေးစဉ် အခုလို ပြောကြားခဲ့တာလို့ တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ NNER အဖွဲ့က စာရေးဆရာ ကိုတာ (ခေါ်) ဒေါက်တာသန့်လွင်မောင်က RFA ကို ပြောပြပါတယ်။

"မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေး ပြုပြင်ပြောင်းလဲမှုကွန်ရက်တင်ထားတဲ့ ဘယ်လိုပြုပြင်ပြောင်းလဲရေး လုပ်ရင် ကောင်းမလဲဆိုတဲ့ဟာကိုလေ သမ္မတဆီကိုလဲရောက်ရော ခေါ်ပြီးတော့သူ့ကို တင်ပြခိုင်းတာပေါ့၊ ပညာရေးပြုပြင်ပြောင်းလဲဖို့ ဥပဒေတင်ထားတာ သူသဘောကျပါတယ်တဲ့၊ တချို့ဟာတွေက လွှတ်တော်နဲ့ ပညာရေးဌာနတို့ကို တိုင်ပင်ပြီးတော့ လုပ်လို့ရရင်လုပ်ပေးမှာပေါ့လို့ပြောတယ်"

ဒီလိုတွေ့ဆုံရာမှာ တချို့ပညာရေး ပြုပြင်ပြောင်းလဲမှု ကိစ္စရပ်တွေဟာ လွှတ်တော်နဲ့ ပညာရေးဝန်ကြီးဌာန ပူးတွဲလုပ်ဆောင်သွားမယ်လို့ သမ္မတက ပြောကြောင်းလည်း သိရပါတယ်။

မြန်မာနိုင်ငံ ပညာရေးပြုပြင်ပြောင်းလဲမှုအတွက် ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်းက ရန်ကုန်မြို့ ခဝဲခြံမှာ ညီလာခံကျင်းပပြီး ဆွေးနွေးမှုရလာဒ်တွေကို နိုင်ငံတော်သမ္မတနဲ့ လွှတ်တော်ထံ တင်ပြခဲ့တာပါ။