ဟံသာဝတီ ဦးဝင်းတင်ဖေါင်ဒေးရှင်းက နိုင်ငံရေးအကျဉ်းသားဟောင်းတွေနဲ့ သူတို့ရဲ့သားသမီးတွေ စုစုပေါင်း ၅၉၁ ယောက်အတွက် ပညာသင်ထောက်ပံ့ကြေးကို ဒီနေ့စတင်ပေးအပ်နေပြီလို့ သိရပါတယ်။
အခုတစ်ခေါက်ပေးတာဟာ ဒီနှစ်အတွက် ဒုတိယအကြိမ်မြောက်ဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ကစိစစ်ပြီး ပေးအပ်တာဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ နိုင်/ ကျဉ်းအဖွဲ့က ကိုသက်ဦးက အခုလိုပြောပါတယ်။
“ဦးဝင်းတင်ဖေါင်ဒေးရှင်း ပညာသင်ထောက်ပံ့ကြေးလေ၊ ကျနော်တို့ နိုင်/ကျဉ်းက တာဝန်ယူပြီးလုပ်ပေးရတယ်၊ ဒီနေ့စပြီးထုတ်ပေးနေပြီ၊ အခုတစ်ခေါက်က ၅၉၁ ယောက်၊ မူလတန်း၊ အလယ်တန်း၊ အထက်တန်း၊ တက္ကသိုလ် အဲဒါ သိန်းပေါင်း ၆ ရာကျော်”
၂၀၁၃-၂၀၁၄ ပညာသင်နှစ်အတွက် မူလတန်းကျောင်းသားတစ်ယောက်ကို ၁ သိန်း၊ အလယ်တန်းအတွက် ၂ သိန်း၊ အထက်တန်းအတွက် ၃ သိန်း ၊ တက္ကသိုလ်ကျောင်းသားအတွက် ၄ သိန်းနဲ့ ဆေးတက္ကသိုလ်၊ စက်မှုတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်ကျောင်း သားတွေအတွက် ၅ သိန်း ထောက်ပံ့မှာဖြစ်ပါတယ်။ ပထမအကြိမ်က တဝက်စီပေးအပ်ထားပြီးတဲ့အတွက် အခုဒုတိယအကြိမ်မှာတော့ ကျန်တဲ့တဝက်ကို ပေးအပ်နေတာလို့ သိရပါတယ်။