ဦးဝင်းတင် ဈာပန သောင်းနဲ့ချီ တက်ရောက်ဂုဏ်ပြု

0:00 / 0:00

0:00 / 0:00

0:00 / 0:00

ဆရာ ဦးဝင်းတင်ဈာပနဟာ "နိုင်ငံတော်ဈာပန မဖြစ်ရပေမဲ့ ပြည်သူ့ဈာပန ဖြစ်ခဲ့တယ်"လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ကိုမင်းကိုနိုင်က ဒီကနေ့ အောက်မေ့ဘွယ်အခမ်းအနား မှာ ပြောပါတယ်။

ဒီနေ့ မနက် ၉ နာရီကနေ ၁၁ နာရီအထိ ရန်ကုန်မြို့၊ ပြည်လမ်း ယုဒဿန်ရိပ်သာမှာ ကျင်းပခဲ့တဲ့ ဆရာကြီး ဦးဝင်းတင် အောက်မေ့ဘွယ်အခမ်းအနားမှာ ကိုမင်းကိုနိုင်က အခုလိုပြောကြားခဲ့တာ ဖြစ်ပါတယ်။

"ဒီကနေ့ သူ့ရဲ့ဈာပနကို ကြည့်လိုက်ရင် နိုင်ငံတော် ဈာပန မဖြစ်ရပေမဲ့လည်း ပြည်သူ့ဈာပန ဖြစ်ခဲ့ပါတယ်၊ ဒီ့ထက် ဒီ့ထက်မက အင်မတန်ကြီးကျယ်တဲ့ ခမ်းနားတဲ့ ဈာပနဖြစ်အောင် စိတ်ဆန္ဒတွေ ပြင်းပြင်းပြပြ ကျနော်တို့ ပြည်သူ့ဈာပနဖြစ်အောင် ခမ်းနားအောင် ကြိုးစားပြီးတော့ ဒါညှိနှိုင်းပြီးတော့ ရလာတဲ့ရလာဒ်ဖြစ် ပါတယ်"

သံဃာတော်တွေ ၊ အစ္စလာမ်ဘာသာရေး ခေါင်းဆောင်တွေနဲ့ ခရစ်ယာန်ဘာသာရေးခေါင်းဆောင်တွေ က ဆရာကြီးဦးဝင်းတင်အတွက် ဆုတောင်းပေးခဲ့ကြပါတယ်။ ဒီနေ့မနက်အခမ်းအနားကို နိုင်ငံတကာ သံတမန်ကိုယ်စားလှယ်တွေလည်း တက်ရောက်ခဲ့ကြပြီး တက်ရောက်လာကြသူအားလုံးက တစ်မိနစ်ငြိမ်သက် ဂါရဝပြုခဲ့ကြပါတယ်။

ဆရာကြီး ဦးဝင်းတင် ကွယ်လွန်သွားတဲ့အတွက် တိုင်းရင်းသား လူမျိုးအားလုံးကလည်း ဝမ်းနည်းကြေကွဲရကြောင်း၊ တိုင်းပြည်အတွက် နစ်နာဆုံးရှုံးမှုဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီ ဥက္ကဌ ဦးအေးသာအောင်က တိုင်းရင်းသားပါတီတွေကိုယ်စား ဒီနေ့ အောက်မေ့ဘွယ်အခမ်းအနားမှာ ပြောပါတယ်။

ဆရာကြီးဦးဝင်းတင်ရဲ့ ရုပ်အလောင်းကို ရေဝေးသုဿန်မှာ နေ့လည် ၁၂ နာရီကနေ ညနေ ၅ နာရီအထိ အများပြည်သူတွေကို ကြည့်ရှုခွင့်ပေးခဲ့ပါတယ်။ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း ၊ ကရင်ပြည်နယ်နဲ့ အထက်မြန်မာပြည်က နိုင်ငံရေး အကျဉ်းသားဟောင်းတွေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေဟာ ဘတ်စ်ကားတွေနဲ့ လာရောက်ဂါရဝပြုခဲ့ကြတဲ့အတွက် လူထုပရိသတ် ငါးသောင်းလောက်ရှိမယ်လို့ ခန့်မှန်းရပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ရေဝေးသုဿန်အခမ်းအနားမှာ တက်ရောက်ဂါရဝပြုခဲ့ပြီး ရုပ်အလောင်းကို ညနေ ၅ နာရီမှာ ဂူသွင်းသဂြိုလ်ခဲ့ပါတယ်။

ဒီနေ့ ရေဝေးသုဿန်တဝိုက် ဆရာကြီးဦးဝင်းတင်ကို ဂုဏ်ပြုကြတဲ့ မြင်ကွင်းနဲ့ ဆရာကြီးကိုကြည်ညို ကြတဲ့ လုပ်ဖေါ်ကိုင်ဖက် နိုင်ငံရေးသမားတွေပြောပြတဲ့ ဆရာကြီးဦးဝင်းတင်အတွက် အမှတ်တရစကားတွေကို RFA သတင်းထောက် ကိုကျော်သူ စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။

ယုဒဿန်ရိပ်သာက အောက်မေ့ဘွယ် အခမ်းအနားမြင်ကွင်းနဲ့ သတင်းစာဆရာကြီး ဆရာဦးဝင်းတင်ကို လာရောက်ဂါရဝပြုကြသူတွေပြောပြတဲ့ ဆရာဦးဝင်းတင်အကြောင်းကို RFA သတင်းထောက် မဇင်မာဝင်း စုစည်းတင်ပြထားတာကိုလည်း နားဆင်နိုင်ပါတယ်။

သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်နဲ့ ပတ်သက်ပြီး ဘဝတလျောက်လုံးရင်းနှီးကျွမ်းဝင်စွာ နေထိုင်ခဲ့သူတွေရဲ့ ဦးဝင်းတင်အကြောင်း အမှတ်တရပြောပြချက်တွေကို RFA အဖွဲ့သူ မသင်းသီရိက စီစဉ်တင်ဆက်ထားတာ နားဆင်နိုင်ပါတယ်။