ရန်ကုန်ဆေးရုံကြီးမှာ နှစ်ပတ်ကြာဆေးကုသမှုခံယူနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကအဖွဲ့ဝင် သတင်းစာ ဆရာကြီး ဟံသာဝတီဦးဝင်းတင်ရဲ့ ကျန်းမာရေး အခြေအနေ တိုးတက်ကောင်းမွန်နေပြီး စိတ်ချရတဲ့ အနေအထားရောက်နေပြီလို့ မိသားစုဝင်တွေ ကပြောပါတယ်။
နောက်ထပ် ဆယ်ရက်လောက်အထိ အထူးကုသဆောင် ထဲမှာပဲ ဆက်လက်ထားရဦးမယ်လို့ ဆရာဝန်ကြီးတွေ ကပြောကြောင်း မိသားစုဝင်တစ်ဦးဖြစ်တဲ့ ကိုပေါက် က ပြောပါတယ်။
"အခု အစာတွေဘာတွေ စားနေပါပြီခင်ဗျ၊ အခြေအနေကတော့ အရင်နေ့တွေထက် တိုးတက်လာတာပေါ့နော်၊ အစာစားတာမှန်သွားရင် သူ့ကိုတပ်ထားတဲ့ ပိုက်တွေဘာတွေလည်း ဖြုတ် မယ်ပေါ့နော်၊ အခုကတော့ တော်တော်လေး တိုးတက်လာတဲ့သဘောရှိပါတယ်၊ သူတို့ကတော့ ဒီထဲမှာပဲ ၁ဝ ရက် နှစ်ပတ်လောက် ထားချင်သေး တာပေါ့နော်၊ တိုးတက်လာမှ အခြေအနေကြည့်ပြီးတော့ စောင့်ကြည့်ချင်တယ်"
ဦးဝင်းတင် ကျန်းမာရေးအခြေအနေကို လာရောက်သတင်းမေးကြတဲ့သူတွေကိုတော့ လက်ရှိအချိန်ထိ အထူးကုသဆောင်ထဲအထိ ဝင်တွေ့ခွင့်မပေးသေးဘူးလို့ သိရပါတယ်။
အသက် ၈၅ နှစ်ရှိပြီဖြစ်တဲ့ ဟံသာဝတီဦးဝင်းတင်ဟာ ပြီးခဲ့တဲ့ မတ်လ ၁၂ ရက်နေ့က Green Cross ဆေးရုံမှာ ကုသခံယူခဲ့ပြီး မတ်လ ၂၇ ရက်နေ့မှာ ဝိတိုရိယဆေးရုံကို ပြောင်းရွှေ့ခဲ့ပါတယ်။ မတ်လ၂၉ ရက်နေ့က ဝိတိုရိယဆေးရုံကနေတစ်ဆင့် ရန်ကုန်ဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင်မှာ ဆေးကုသခံနေတာ ဖြစ်ပါတယ်။
