နိုင်ငံ့ခေါင်းဆောင်တွေ နဲ့ ဆွေးနွေးဖို့ ဝ နဲ့ မိုင်းလား အဖွဲ့တွေ နေပြည်တော် ရောက်ပြီ


2016.07.28
maila-620.jpg နေပြည်တော်ကို ဇူလိုင်လ ၂၈ ရက်နေ့က ရောက်ရှိလာတဲ့ မိုင်းလားအဖွဲ့ ဥက္ကဋ္ဌ ဦးစိုင်းလင်း(အလယ်)နဲ့အဖွဲ့ကို ငြိမ်းချမ်းရေးကော် မရှင် အတွင်းရေးမှူး ဦးခင်ဇော်ဦး(ဝဲ)၊ ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်(ယာ)တို့နဲ့အတူ တွေ့ရစဉ်
Photo: Kyaw Ye Myo Chit

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တို့ကို တွေ့ဆုံဆွေးနွေးဖို့အတွက် မိုင်းလား အထူးဒေသ(၄) ဥက္ကဋ္ဌ ဦးစိုင်းလင်း ဦးဆောင်တဲ့အဖွဲ့ နေပြည်တော်ကို ဒီကနေ့ ရောက်ရှိလာတယ်လို့ သိရပါတယ်။ မနေ့ကလည်း လူအင်အား ၉ဝ ခန့်ပါဝင်တဲ့ ဝပြည်သွေးစည်းညီညွတ်ရေးပါတီ UWSA ဒု-ဥက္ကဋ္ဌ ဦးပေါင်ယူယိ ဦးဆောင်တဲ့အဖွဲ့ ရောက်ရှိခဲ့ပါတယ်။

အဲ့ဒီ ဝနဲ့ မိုင်းလား တိုင်းရင်းသား ခေါင်းဆောင်တွေဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့ကို မနက်ဖြန် တွေ့ဆုံဆွေးနွေးမှာဖြစ်တယ်လို့ နိုင်ငံတော် သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က အတည်ပြု ပြောကြားပါတယ်။

"၂၁ ရာစု ပင်လုံညီလာခံ အောင်မြင်စွာကျင်းပဖို့၊ ပါဝင်သင့် ပါဝင်ထိုက်တဲ့သူတွေ ပါဝင်ဖို့၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပူးပေါင်းဆောင်ရွက်ဖို့ ဒါတွေဆွေးနွေးကြမှာပါ၊ ဝ ရော မိုင်းလားရော အထူးဒေသ (၂)၊ အထူးဒေသ (၄)ရယ် နှစ်ဖွဲ့စလုံးပေါ့၊ ခေါင်းဆောင်ပိုင်းနဲ့ပဲတွေ့မှာ"

အခု ခရီးစဉ်ဟာ ပြည်ထောင်စုငြိမ်းချမ်းရေး ၂၁ ရာစု ပင်လုံညီလာခံမှာ ပါဝင်သင့် ပါဝင်ထိုက်သူတွေ ပါဝင်နိုင်ရေး အတွက် အရေးကြီးလှတဲ့ ခြေလှမ်းတစ်လှမ်း ဖြစ်သလို ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်တဲ့ ခရီးစဉ် တစ်ခု ဖြစ်တယ်လို့လည်း နိုင်ငံတော်သမ္မတရုံးပြောခွင့်ရသူက ပြောပါတယ်။

နေပြည်တော်ကို ရောက်ရှိလာခဲ့တဲ့ ဝ နဲ့ မိုင်းလားအဖွဲ့တွေကို ငြိမ်းချမ်းရေးကော်မရှင် ဒုတိယ ဥက္ကဋ္ဌ ဦးသိန်းဇော်နဲ့ အတွင်းရေးမှူး ဦးခင်ဇော်ဦး တို့က ကြိုဆိုခဲ့ကြတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။