အပစ်ခတ်ရပ်စဲရေး လက်နက်ကိုင် အဖွဲ့များ ဆွေးနွေးပွဲ UWSA နဲ့ မိုင်းလားအဖွဲ့ မတက်ရောက်

ကရင်အမျိုးသား အစည်းအရုံး KNU ထိန်းချူပ်နယ်မြေ မှာ ဒီကနေ့စတင်ကျင်းပနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တွေရဲ့ ဒုတိယအကြိမ် ညီလာခံကို ၀ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် UWSA က ခေါင်းဆောင်တွေနဲ့ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် NSAA-ESS မိုင်းလားတပ်ဖွဲ့က ခေါင်းဆောင်တွေ တက်ရောက်နိုင်ခြင်း မရှိခဲ့ဘူးလို့ သိရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး UWSA ဝတပ်ဖွဲ့က ပြောရေး ဆိုခွင့်ရှိသူ ဦးဆမ်ခွန်းက ကရင်ပြည်နယ် က လောခီးလာမှာ ကျင်းပတဲ့ တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်များ ညီလာခံကို မတက်ရောက်နိုင်တာ မှန်ကန်ကြောင်း အတည်ပြုပြောဆိုပါတယ်။

“နှစ်သစ်ကူးချိန်လည်းရောက်တယ်။ နောက် ပြီးတော့ အထွေထွေအတွင်းရေးမှူးချုပ်နဲ့ စစ်ဦးစီးချူပ်ပဲခေါ်တော့ သူတို့ဗမာလိုလည်း နားမလည်ဘူးထင်တယ်။ အဲ့တော့ ကိုယ်စားလှယ်လည်း သူတို့ဖိတ်တာက စစ်ဦးစီးချူပ်နဲ့ခေါင်းဆောင် ထိပ်သီးခေါင်းဆောင်တွေပဲ ဖိတ်တာကော၊ ဖိတ်တော့ အဲ့ဒါနဲ့ မသွားနိုင်ဘူးနော့်၊ ဘာသာပြန်လည်းမရှိဘူးလေ... နော့်။”

အလားတူ အမျိုးသား ဒီမိုကရက်တစ်မဟာမိတ် တပ်မတော် NSAA-ESS မိုင်းလားတပ်ဖွဲ့က ဗဟိုကော်မတီဝင်တစ်ဦးကို ဆက်သွယ်မေးမြန်းရာမှာလည်း မတက်ရောက်နိုင်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ပြောဆိုခွင့်မရှိကြောင်း RFA ကိုပြောဆိုပါတယ်။

တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ်ထိုးနိုင်ဖို့အတွက် တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တွေ ဒီညီလာခံမှာ ဆွေးနွေးကြလို့ သဘောတူညီမှုတွေရရှိပြီးရင်တော့ လာမယ့် ဖေဖေါ်ဝါရီလမှာ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဌဝန်ကြီး ဦးအောင်မင်းခေါင်းဆောင်တဲ့အဖွဲ့နဲ့ ဘားအံမြို့မှာတွေ့ဆုံပြီး သဘောတူလက်မှတ်ထိုးကြမယ့်ရက် ကို ရွေးချယ်တော့မှာဖြစ်တယ်လို့လည်း သိရပါတယ်။

ဒီကနေ့ စတင်ကျင်းပနေတဲ့ ညီလာခံဟာ KIO ဌာနချူပ်ရှိရာ လိုင်ဇာမြို့မှာ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် အောက်တိုဘာလကုန်ပိုင်းမှာကျင်းပခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်များ ညီလာခံက တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပွဲနဲ့ပတ်သက်တဲ့ မူဘောင်တွေ ချမှတ်နိုင်ဖို့ တိုင်းရင်းသားခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးကြတဲ့ ဒုတိယအကြိမ်ကျင်းပနေတဲ့ ညီလာခံတစ်ခု ဖြစ်ပါတယ်။