UWSA ဝ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်နဲ့ အစိုးရတပ်တွေ လတ်တလော စစ်ရေးတင်းမာနေမှုတွေနဲ့ ပတ်သက်လို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီ ဒုဥက္ကဌ ဦးသိန်းဇော်နဲ့ ဒီကနေ့ဇူလိုင်လ ၅ ရက်နေ့ မှာ တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းလာမှုကို UWSA ဖက်က ခေတ္တစောင့်ဆိုင်းပေးဖို့ပြောဆိုလိုက်ကြောင်း သိရပါတယ်။
ပြည်တောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဌ ဦးသိန်းဇော် ဦးဆောင်တဲ့ အစိုးရအဖွဲ့နဲ့ UWSA ဝ အထူးဒေသ ၂ က တာဝန်ရှိသူတွေဟာ ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့မှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးကြဖို့အတွက် အစိုးရဖက်က ပြီးခဲ့တဲ့ရက်ပိုင်းက အကြောင်းကြားခဲ့တာဖြစ်ပေမယ့် UWSA ဖက်က အဆင်သင့်မဖြစ်သေးတဲ့အတွက် ရက်ပြောင်းရွှေ့ဖို့ တောင်းဆိုခဲ့တာဖြစ်တယ်လို့ UWSA တပ်ဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့်က RFA ကို အခုလို ပြောပါတယ်။
“မနေ့ညနေက ဖိတ်ထားတယ်၊ ဒါပေမယ့် ကျနော်တို့ဘက်က ပြင်ဆင်မှုနည်းနည်း လိုနေသေးတဲ့အတွက် နည်းနည်းအချိန်ရွေ့ဖို့ တင်ပြထားတယ်လေ၊ တင်ပြအစီရင်ခံဖို့ ဆွေးနွေးဖို့ အချက်အလက်တွေလေ၊ အချိန်ကသိပ်ကပ်နေလို့ပါ၊ ၃၊ ၄၊ ၅ ရက်လောက် နောက်ဆုတ်ထားပါတယ်”
လောလောဆယ် UWSA အဖွဲ့အနေနဲ့ တွေ့ဆုံဆွေးနွေးဖို့ အဖွဲ့တွင်း ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။
အခုလက်ရှိ UWSA ဝ တပ်ဖွဲ့တွေနဲ့ အစိုးရတပ်ဖွဲ့တွေ နှစ်ဖက်တင်းမာမှု အခြေအနေတွေနဲ့ ပတ်သက်လို့ UWSA ဝိန်းကောင်ခရိုင် အတွင်းရေးမှူး ဦးစောလွင်က RFA ကို အခုလို ပြောပါတယ်။
"တိုက်ပွဲဘာညာတော့ မဖြစ်ဘူး၊ သွားလာတာ စစ်ဆေးမေးမြန်းတာရှိတယ်"
ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်နေ့က အစိုးရတပ်ရဲ့ စစ်ဗျူဟာမှူးကနေပြီး ဝ တောင်ပိုင်းနယ်မြေအတွင်းမှာရှိတဲ့ UWSA တပ်စခန်းအကြီ အငယ် စာရင်းအားလုံးပြုစုပေးဖို့ တောင်းဆိုခဲ့ပြီး ဝ တပ်စခန်းတချို့ ဆုတ်ခွာပေးဖို့ တောင်းဆိုခဲ့ရာက UWSA တပ်ဖွဲ့နဲ့ အစိုးရတပ် နှစ်ဘက်ကြား စစ်ရေးတင်းမာမှုတွေ ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။