ဘာသာခွဲခြားပိတ်ပင်မှု ဖွဲ့စည်းပုံနဲ့ ဆန့်ကျင်ကြောင်း ဒုဝန်ကြီး ပြောကြား

0:00 / 0:00

ယခုရက်ပိုင်းအတွင်း အစ္စလာမ် ဘာသာဝင်တချို့ကို စာပေဟောပြောခွင့် ပိတ်ပင်ခဲ့တာဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ဆန့်ကျင်တဲ့လုပ်ရပ်ဖြစ်တယ် လို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့ ပြောခွင့် ရ ပြန်ကြားရေးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က ဗုဒ္ဓဟူးနေ့ မနေ့က ပြောကြားလိုက်ပါတယ်။

ရန်ကုန် မန္တလေးစတဲ့မြို့တွေမှာ စာရေးဆရာ ရှေ့နေ ဦးကိုနီနဲ့ ၈၈ အဖွဲ့က ဦးမြအေးစတဲ့ မွတ်စလင် စာရေးဆရာတချို့ ပါဝင်ဟောပြောဖို့ စီစဉ်ထားခဲ့တဲ့ စာပေဟောပြောပွဲတွေကို ရဟန်းသံဃာတွေ ဦးဆောင်ပြီး လိုက်လံပိတ်ဆို့မှုကြောင့် အခမ်းအနားအတွက် တာဝန်ရှိသူတွေက ပွဲဖျက်သိမ်းခြင်း၊ စာရေးဆရာတွေကို ထုတ်ပယ်ခြင်းတွေ ပြုလုပ်ခဲ့တာနဲ့ ပတ်သက်ပြီး အစိုးရအဖွဲ့ရဲ့ သဘောထားကို RFA က ဆက်သွယ်မေးမြန်းရာမှာ ဒုဝန်ကြီး ဦးရဲထွဋ်က ခုလိုပြောကြားခဲ့တာ ဖြစ်ပါတယ်။

"ပွဲတစ်ပွဲကို ကျင်းပရမယ့်နေရာမှာ လိုက်နာရမယ့် စည်းကမ်းချက်တွေရှိတယ်၊ အဲဒီစည်းကမ်းချက်တွေနဲ့ ကိုက်ညီတယ်ဆိုလို့ရှိရင် ကျနော်တို့က စာပေဟောပြောပွဲမှန်သမျှကို ခွင့်ပြုပေးသင့်တယ်လို့ ယုံကြည်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ စာပေဟောပြောပွဲဆိုတာ ကျနော်တို့ မြန်မာ့လူ့အဖွဲ့အစည်းမှာပဲရှိတဲ့ အင်မတန်မှထူးခြားတဲ့ အလေ့အထတစ်ခု ဖြစ်တဲ့ အတွက်ကြောင့်မို့ ဒါမျိုးကို ကျနော်တို့က အားပေးဖို့လိုပါတယ်၊ တကယ်လို့ ဟောပြောခွင့်ပေးရဲ့ သားနဲ့မှ ဟောပြောတဲ့အခါမှာ ဥပဒေနဲ့မညီတဲ့ လူမျိုးရေး၊ ဘာသာရေး ခွဲခြားသူတွေ ရှိလာရင်တော့ ကျနော်တို့ ဒါဥပဒေအရ အရေးယူသင့်တယ်ပေါ့၊ သို့သော် ကြိုတင်ပြီးတော့ ပိတ်ဆို့တာမျိုးကတော့ မလုပ်သင့်ဘူးလို့ ကျနော်တို့ထင်ပါတယ်၊ ဒုတိယအချက်ကတော့ ဟောပြောသူကို မကြိုက်လို့ ကျန်တဲ့ပြင်ပမှာရှိတဲ့ ပုဂ္ဂိုလ်တချို့ကနေပြီးတော့ ဒီလူကို မဟောသင့်ဘူးလို့တားတဲ့ဟာ ဘယ်ဘာသာကြောင့်၊ ဘယ်လိုလူမျိုးဖြစ်လို့ မပြောသင့်ဘူးလို့ တားမြစ်တာတွေရှိပါတယ်၊ ဒါကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ လူတွေကို လူမျိုး၊ ဘာသာ၊ ယောကျ်ား၊ မိန်းမ၊ ဆင်းရဲ၊ ချမ်းသာကို အကြောင်းပြုပြီးတော့ ခွဲခြားဆက်ဆံခြင်း မပြုရဘူးလို့ အတိအကျ ပြဌာန်းပြီးသား ဖြစ်တဲ့ အတွက်ကြောင့် အဲဒီလုပ်ရပ်တွေဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မကိုက်ညီဘူးလို့ပဲ ကျနော်ပြောချင်ပါတယ်"

အခုလိုဖြစ်ရပ်တွေကို လက်ခံနိုင်စရာ အကြောင်းမရှိတဲ့အတွက် ဒေသဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတွေက ဖြေရှင်းပေးစေလိုကြောင်းနဲ့ မိမိတို့ အစိုးရအဖွဲ့ကလည်း အခြေအနေတွေကို စောင့်ကြည့်လေ့လာနေကြောင်း အစိုးရပြောခွင့်ရ ဒုတိယဝန်ကြီး ဦးရဲထွဋ်က RFA ကို ပြောကြားခဲ့ပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဒုဝန်ကြီး ဦးရဲထွဋ်နဲ့ စာရေးဆရာ မုံရွာအောင်ရှင်တို့ရဲ့ သဘောထား ပြောကြားချက်တွေကို ဒေါ်ခင်ခင်အိက တင်ပြထားပါတယ်။