၁၉၈၂ ဥပဒေအရ သာ နိုင်ငံသားဖြစ်ခွင့်ပေးမယ့် အကြောင်း မြန်မာအစိုးရ တုံ့ပြန်

မြန်မာနိုင်ငံသား ဥပဒေအရ ရိုဟင်ဂျာ တိုင်းရင်းသား မျိုးနွယ်စုဆိုပြီး တရားဝင် လက်ခံအတည်ပြုထားခြင်း မရှိတဲ့အတွက် ရိုဟင်ဂျာအတွက်ဆိုပြီး သီးသန့်စဉ်းစား သွားမှာမဟုတ်ဘဲ မြန်မာအစိုးရအနေနဲ့ ၁၉၈၂ နိုင်ငံသား ဥပဒေအရသာ ဆောင်ရွက်သွား မှာဖြစ်ကြောင်း နိုင်ငံတော်သမ္မတရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ပြန်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ်က RFA ကို ပြောပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မြန်မာနိုင်ငံက မွတ်စလင် ရိုဟင်ဂျာတွေကို နိုင်ငံသားအဖြစ်လက်ခံဖို့ တိုက်တွန်းချက်အပေါ် ပြန်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ်က တုံ့ပြန်လိုက်တာပါ။

"ကျနော်တို့လည်း အကြိမ်ကြိမ်ပြောခဲ့ပြီးပြီ (၁) ကျနော်တို့ဆီမှာ ရိုဟင်ဂျာဆိုတဲ့ လူမျိုးမရှိပါဘူး၊ သမိုင်းကြောင်းအထောက်အထားအရလည်း ဟိုးတုန်းက အင်္ဂလိပ်ခေတ်က စပြီးတော့ကောက်ခဲ့တဲ့ သန်းခေါင်စာရင်းမှာလည်း ရိုဟင်ဂျာဆိုတာ ဖော်ပြခဲ့တာ မရှိပါဘူး၊ ဘင်္ဂါလီလူမျိုးလို့ပဲ ဖော်ပြခဲ့တာဖြစ်ပါတယ်၊ (၂) ကျနော်တို့နိုင်ငံ ရခိုင်ပြည်နယ်အတွင်း မှာနေထိုင်ကြတဲ့ ဘင်္ဂါလီမွတ်စလင်ထဲမှ ၁၉၈၂ နိုင်ငံသားအက်ဥပဒေနဲ့ ကိုက်ညီတဲ့လူမှန်သမျှ နိုင်ငံသား အခွင့်အရေးရမှာဖြစ်ပါတယ်"

ဒီကနေ့ သမ္မတရုံးရဲ့ ထုတ်ပြန်ချက်မှာလည်း မြန်မာအစိုးရအနေနဲ့ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနဲ့ ကိုက်ညီသူတွေကို နိုင်ငံသားပေးမှာဖြစ်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောကြားချက်အပေါ် တရားဝင်တုံ့ပြန်ထားပါတယ်။

နိုင်ငံသားအခွင့်အရေး ပေးနိုင်ဖို့အတွက်လည်း ဒုက္ခသည်စခန်းတွေမှာ စာရင်းကောက်ယူနေကြောင်း ဒါပေမဲ့ စာရင်းကောက်ယူမှုမရအောင် ပြင်ပက သွေးထိုးမှုတွေရှိနေကြောင်း ဒီကိစ္စကို အရင်ဖြေရှင်းဖို့လိုအပ်နေပါတယ်လို့ ဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။

ဒီအတောအတွင်းမှာဘဲ အင်ဒိုနီးရှားနိုင်ငံထုတ် Jakarta Post သတင်းစာမှာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာတွေကို နှိပ်စက်သတ်ဖြတ်မှုတွေကို တန်ပြန်ဖို့အတွက် ရိုဟင်ဂျာ မွတ်စလင် ၃ဝဝ လောက်ကို ရခိုင်ပြည်နယ်တွင်းမှာ စစ်သင်တန်းပို့ချပေးနေတယ်လို့ ဖော်ပြခဲ့တာနဲ့ ပတ်သက်ပြီး မြန်မာအစိုးရအနေနဲ့ နိုင်ငံလုံခြုံရေးအတွက် အချိန်နဲ့အမျှ စီစဉ်ဆောင်ရွက်နေကြောင်း ဝန်ကြီးဦးရဲထွဋ်က ဖြေကြားပါတယ်။

"နိုင်ငံတော်အစိုးရဆိုတော့ နိုင်ငံမှာရှိတဲ့ ပြည်သူတွေအားလုံးအတွက် အသက်အိုးအိမ်စည်းစိမ်လုံခြုံရေး အတွက် အမြဲတမ်းဆောင်ရွက်နေကြတာပဲ၊ လုံခြုံရေးဆိုင်ရာအဖွဲ့တွေက ဒီသတင်းတွေတင်မဟုတ်ပါဘူး၊ ရရှိတဲ့သတင်းတွေအပေါ် မူတည်ပြီးတော့ သူတို့စဉ်းစားဆောင်ရွက်သွားမှာပါ၊ ဒါကလုံခြုံရေးကိစ္စဖြစ်တော့ ဘယ်သတင်းကိုယုံတယ် ဘယ်သတင်းကိုမယုံဘူး ဘယ်သတင်းကို မူတည်ပြီးတော့ စုံစမ်းတယ်ဆိုတာမျိုး ကျနော်တို့ကပြောလို့မရပါဘူး"

အင်ဒိုနီးရှားနိုင်ငံသား Muhammad Jibril ရဲ့ အင်တာနက်ဝက်ဘ်ဆိုဒ်မှာ ရခိုင်ပြည်နယ်ထဲက ရိုဟင်ဂျာမွတ်စလင်တွေ စစ်ရေးလေ့ကျင့်နေတဲ့ ဓါတ်ပုံ ၂၈ ပုံ ကို ဖော်ပြထားတာနဲ့ ပတ်သက်ပြီး လုံခြုံရေးဆိုင်ရာအဖွဲ့အစည်းတွေက စုံစမ်းစစ်ဆေးသွားမှာဖြစ်တယ်လို့ ပြောပါတယ်။