အစိုးရဝန်ကြီးဌာနတွေမှာ မီဒီယာတွေ သတင်းရယူရေးမှာ အခက်အခဲဖြစ်နေရတာဟာ ဝန်ကြီးဌာနတွေမှာ လိုအပ်ချက်တွေရှိနေသလို သတင်းမီဒီယာတွေဘက်ကလည်း စောင့်ထိန်းရမယ့်ကျင့်ဝတ်တွေကို လေးစားလိုက်နာဖို့ လိုအပ်တယ်လို့ သမ္မတရဲ့ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးရဲထွဋ်က ဒီကနေ့ ပြောလိုက်ပါတယ်။
နေပြည်တော် တပ်ကုန်းမှာရှိတဲ့ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြား ရုံးချုပ်အဆောက်အဦးမှာကျင်းပတဲ့ တိုင်းရင်းသားလူမျိုးများ ရုပ်သံလိုင်း အကြိုစမ်းသပ်ထုတ်လွှင့်ပွဲ အခမ်းအနားအပြီး ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးရဲထွဋ်က သတင်းထောက်တွှေကို အခုလို ပြောကြားခဲ့တာပါ။
"ဒီဆက်ဆံရေးအရာရှိတွေ ကိုယ်တိုင်ကလည်း မီဒီယာနဲ့ပြောဖို့ တွန့်ဆုတ်နေတာတွေရှိသေးတယ်၊ ဒါက ဘာကြောင့်လဲဆိုတော့ တချို့ဝန်ကြီးဌာနတွေမှာက တိကျပြတ်သားတဲ့မူဝါဒမရှိဘူး၊ နောက် ပြောရေးဆိုခွင့် ရှိသူအဖြစ်ဆောင်ရွက်သူကို လိုအပ်တဲ့သတင်းအချက်တွေ ပြည့်ပြည့်စုံစုံပေးထားတာမရှိဘူး၊ ဒါတွေက ဝန်ကြီးဌာပိုင်းကကျော်လွှားသွားရမှာပေါ့၊ သို့သော် စာနယ်ဇင်းသမားတွေဘက်ကလည်း စောင့်သိရမယ့် ကိစ္စတွေရှိတယ်၊ တခါတလေမှာ စာနယ်ဇင်းသမားတွေက မူလပြောရေးဆိုခွင့်ရှိသူပြောတဲ့စကားကို လွဲမှားပြီးတော့မှ သုံးလိုက်တာမျိုး၊ တခါတလေကျရင်တော့ သတင်းတွေကို အတည်မပြုဘဲ ထုတ်လွှင့်လိုက်တာမျိုးဖြစ်တဲ့အတွက်ကြောင့်မို့ နှစ်ဦးနှစ်ဖက်ကြားမှာ ယုံကြည်မှုလည်းနည်းနေသေးတာပေါ့၊ ဒါကြောင့်မို့ နှစ်ဖက်စလုံးက ကိုယ့်ကျင့်ဝတ်နဲ့ကိုယ်လုပ်မယ်၊ တိကျတဲ့မူဝါဒတွေရှိမယ်ဆိုတော့ ပိုပြီးတော့ကောင်းလာမှာပါ”
ဒါအပြင် သက်ဆိုင်ရာ သတင်းမီဒီယာတွေအနေနဲ့ ဝန်ကြီးဌာနတွေမှာ သတင်းယူမယ့် သတင်းထောက်တွေကို သတ်သတ်မှတ်မှတ် တာဝန်ပေးထားမယ်ဆိုရင် ဝန်ကြီးဌာနတွေဘက်က သတင်းပေးဖို့ ပိုမိုအဆင်ပြေလွယ်ကူစေမှာဖြစ်တယ်လို့လည်း ဦးရဲထွဋ်က ပြောကြားခဲ့ပါတယ်။
