ဗုဒ္ဓပုံနဲ့ကြော်ငြာတဲ့ အရက်ဆိုင်ပိတ်ပင်ဖမ်းဆီး

ဗုဒ္ဓရုပ်ပွားတော်မှာ နားကြပ်တပ်ထားတဲ့ပုံသုံး ပြီး ကြော်ငြာခဲ့တဲ့ ရန်ကုန်မြို့ ရွှေတောင်ကြားလမ်းက V Gastro Bar အရက်ဆိုင်ပိုင်ရှင်နဲ့ မန်နေဂျာ ၂ ဦး၊ စုစုပေါင်း ၃ ဦးကို သာသနာတော်ညှိုးနွမ်းစေမှု ပုဒ်မနဲ့ ဒီနေ့ တရားစွဲဆိုလိုက်ပြီး အင်းစိန်ထောင်မှာ ဖမ်းဆီးထား ပါတယ်။

တရားစွဲလိုက်တဲ့ ပုဒ်မ ၂၉၅ နဲ့ ၂၉၅ (က) ဟာ အာမ ခံပေးလို့မရတဲ့ ပုဒ်မတွေဖြစ်တာကြောင့် အကျဉ်းထောင် မှာ ဖမ်းဆီးထားတယ်လို့ ဗဟန်းမြို့နယ်ရဲစခန်းမှူး၊ ရဲမှူး ဦးခင်မောင်ကြည်က ပြောပါတယ်။

"ဒါဘာသာရေးနဲ့ ပတ်သက်တော့ သာသနာရေးမှူး လဲဖြစ်တဲ့ လဝကမှူး ဦးရဲထွန်းမြင့်ပေါ့ လဝကဦးစီး မှူးလေ တရားစွဲတာ ပုဒ်မကတော့ ပုဒ်မ ၂၉၅၊ ၂၉၅ (က)ကတစ်ခု အဲ့ဒါက ဘာသာ၊ သာသနာကို အကြည်ညို ပျက်စေမှုပေါ့၊ တရားစွဲပြီးတော့ သူတို့ ၃ ယောက်လုံးကို အင်းစိန်ထောင်ကိုပို့ထားလိုက်ပြီ၊ အာမခံပေးလို့မရလို့ အင်းစိန်ထောင်ကိုပို့တာလေ"

ရွှေတောင်ကြားလမ်းမှာဖွင့်လှစ်ထားတဲ့ V Gastro Bar အရက်ဆိုင်ကို ဗဟန်းမြို့နယ်ရဲစခန်းက မနေ့ညနေပိုင်းမှာ ပိတ် ပင်လိုက်ပြီး ဆိုင်ပိုင်ရှင်နဲ့ မန်နေဂျာ ၂ ဦးကို ဖမ်းဆီးခဲ့ပါတယ်။ ဖမ်းဆီးခံရတဲ့ မန်နေဂျာတစ်ဦးက နယူးဇီလန်နိုင်ငံ သားဖြစ်ပြီး အဲ့ဒီသူတွေကို ဒီလ ၁၈ ရက်နေ့ ဗဟန်းမြို့နယ်တရားရုံးမှာရုံးထုတ် စစ်ဆေးမယ်လို့သိရပါတယ်။