ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ်ပွဲ ကနေဒါမှာ ကျင်းပမယ်

ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၆ နှစ်မြောက် မွေးနေ့အဖြစ် ကနေဒါနိုင်ငံ ဗင်ကူးဗားမြို့က မြို့သူမြို့သားတွေက အထိမ်းအမှတ်ပွဲတခု ကျင်းပမယ်လို့ သိရပါတယ်။

ဇွန်လ ၁၈ ရက်နေ့မှာ ကျင်းပမယ့် ဒီပွဲကို ဒေါ်အောင်ဆန်းစုကြည် အကြောင်း စာအုပ် ရေးသားထုတ်ဝေခဲ့တဲ့ သတင်းစာဆရာ တဦးလည်းဖြစ်၊ အရင် ဗုဒ္ဓဘာသာ ရဟန်းဘဝနဲ့ မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့သူလည်း ဖြစ်တဲ့ Alan Clements က ဦးဆောင်မယ်လို့ ကနေဒါနိုင်ငံ ဗန်ကူးဗားက လာတဲ့ သတင်းတွေမှာ ရေးသားထားပါတယ်။

ဒီ မွေးနေ့ပွဲဟာ မြန်မာနိုင်ငံမှာ အခုလ ၂၂ ရက်နေ့မှာ စတင်ဖို့ရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နယ်ခရီးစဉ် လုံခြုံရေးအတွက် နိုင်ငံတကာက သိရှိ သတိထားမိစေဖို့ ရည်ရွယ်တယ်လို့ Mr. Clements က ပြောပါတယ်။

၂ဝဝ၃ ခုနှစ် နယ်ခရီးစဉ်မှာ ဒီပဲယင်း တိုက်ခိုက်မှုနဲ့ ကြုံခဲ့တာကို ကိုးကားပြီး အခု ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်ဟာ လုပ်ကြံခံခဲ့ရတဲ့ ပါကစ္စတန်က ခေါင်းဆောင်ဟောင်း ဘနာဇီယာ ဘူတို၊ အိန္ဒိယက မဟတ္ထမဂန္ဒီတို့ရဲ့ ခရီးစဉ်တွေလို အချိန်မရွေး ဖြစ်သွားနိုင်တဲ့အတွက် သူ့အနေနဲ့ အထူး စိုးရိမ်မိကြောင်း သတင်းစာဆရာ Mr. Clements က ဗင်ကူးဗားထုတ် သတင်းစာတစောင်ကို ပြောကြားပါတယ်။

Alan Clements ဟာ ၁၉၉၈ ခုနှစ်က 'Aung San Suu Kyi: Voice of Hope' စာအုပ်နဲ့ ၂ဝဝ၈ ခုနှစ်က 'Voice of Hope: Aung San Suu Kyi Conversations with Alan Clements' စာအုပ်တွေကို ရေးသား ထုတ်ဝေခဲ့သူ ဖြစ်ပါတယ်။