Ve Ve အချိုရည်စက်ရုံ ဝန်ထမ်းများ ခံစားခွင့် တောင်းဆို ဆန္ဒပြ

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၆၂လမ်းမှာရှိတဲ့ နာမည်ကျော် Ve Ve အချိုရည်စက်ရုံက ဝန်ထမ်း ၂၀၀ ကျော်ဟာ သူတို့ရဲ့ လစာနဲ့ ခံစားခွင့်တွေ အပြည့်အ၀ ရရှိရေးအတွက် ဒီနေ့မနက် (၇) နာရီခွဲ လောက်က စတင် ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။

လစာနည်းပါးလွန်းတဲ့ အပြင် တခြား အခွင့်အရေးတွေပါ မရရှိတာကြောင့် အခုလို ဆန္ဒပြရတာလို့ ဆန္ဒပြ အလုပ်သမား ခေါင်းဆောင် ကိုဇေယျာဦးက RFA ကို ပြောပါတယ်။

"ကျနော်တို့ရဲ့ လခက တသောင်းခွဲ တသောင်း ၈ ထောင် ဖြစ်နေတဲ့အတွက်ကြောင့်မို့ ကျနော်တို့မှာ မဖူလုံပါဘူး။ မလောက်ငတဲ့ အတွက် ကျနော်တို့ လစာကို ၅ သောင်း ၆ ထောင် ၇ ရာ တောင်းဆိုထားပါတယ်။ လုပ်ငန်းကလည်း ပင်ပင်ပန်းပန်း လုပ်ရတဲ့ အချိန်က ၁၂ နာရီ ရှိပါတယ်။ ဒါကို ၈ နာရီကို တောင်းဆိုထားပါတယ်။ ထိုက်ထိုက်တန်တန် လုပ်အားခ ကျနော်တို့ လိုချင်ပါတယ်။"

နံနက် ၉ နာရီလောက်မှာတော့ ပြည်ကြီးတံခွန်မြို့နယ် အလုပ်သမား ဦးစီးဌာနက တာဝန်ရှိသူတွေ ရောက်ရှိ လာပြီး အလုပ်သမား ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေး ညှိနှိုင်းခဲ့ပေမယ့် ပြေလည်မှု မရရှိခဲ့ဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။

စက်ရုံ အကြီးအကဲဖြစ်သူ ဒေါ်ကြင်ကြင်ဝေက တောင်းဆို တင်ပြချက်တွေကို ပြေလည်အောင် ဖြေရှင်း ပေးမယ်လို့ အလုပ်သမားအရေး ဆောင်ရွက်သူတွေကို ပြောကြားခဲ့ကြောင်း သိရပါတယ်။

အလုပ်သမားတွေရဲ့ တောင်းဆိုချက် (၁၄) ချက်ထဲက အချက် တစ်ချို့ကို စက်ရုံ တာဝန်ရှိသူတွေက လိုက်လျောဖို့ သဘောတူညီခဲ့ပေမယ့် အဓိက တောင်းဆိုချက်တွေ ဖြစ်တဲ့ လစာ၊ ရက်မှန်ကြေး၊ရှားပါးစရိတ်၊ လူမှုဖူလုံကြေး စတဲ့ အချက်တွေနဲ့ ပတ်သက်လို့တော့ သဘောတူညီမှု မရရှိသေးဘူးလို့ သိရပါတယ်။