ကိုင်းတန်းပျံကျဈေးသည် တရားမ၀င် စီတန်းလှည့်လည်မှုနှင့် တရားစွဲဆိုခံရ

သြဂုတ်လ (၆) ရက်နေ့ ညက ကိုင်းတန်း ကုန်စိမ်းပျံကျဈေး ဆန္ဒပြမှုမှာ ပါဝင်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ ဈေးသည်အမျိုးသမီး သုံးဦးကို ချမ်းအေးသာစံ တရားရုံးက တရားမ၀င် စီတန်းလှည့်လည်မှု ပုဒ်မ ၁၈ နဲ့ တရားစွဲဆို လိုက်တယ်လို့ သိရပါတယ်။
2012-09-20
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
mandalay-shopkeepers-protest-b305
မန္တလေးမြို့ ကိုင်းတန်းဈေးမှ ပြောင်းရွှေ့ဖို့ အမိန့်ထုတ်ခံထားရသည့် ဈေးသူ ဈေးသား ၁ဝဝဝ ကျော် ၂၀၁၂ ခုနှစ် သြဂုတ်လ ၇ ရက်က စုရုံး ဆန္ဒပြနေကြစဉ်။
RFA

လွန်ခဲ့တဲ့ စနေနေ့က အမှတ် (၃) ရဲစခန်းက သူတို့ကို ဆင့်ခေါ်ပြီး တရားစွဲခဲ့ပုံကို တရားစွဲခံရတဲ့ ဈေးသည် မနီနီအောင်က RFA ကို အခုလို ပြောပြပါတယ်။

"သောကြာနေ့က ခေါ်တာပေါ့။ သောကြာနေ့ကို မသွားဘူး။ စနေနေ့ကို သွားတယ်။ ကျွန်တော်တို့ကို စီတန်းလှည့်လည်တဲ့ထဲမှာ လူစုတာလား။ ခေါင်းဆောင်တာလားလို့မေးတယ်။ လူစုတာလဲ မဟုတ်ဘူး။ ခေါင်းဆောင်တာလည်း မဟုတ်ဘူးလို့ ပြောတယ်။ ကျွန်တော်တို့က ဘာအမှုလဲလို့ မေးတဲ့အခါကျတော့ စီတန်း လှည့်လည်တဲ့ထဲမှာပါလို့ လို့ပြောပါတယ်။ တရားမဝင် စီတန်းလှည့်လည်လို့ ခင်ဗျားတို့ကို အနည်းဆုံး ဒဏ်ငွေ ၃၀,၀၀၀ နဲ့ ထောင် ၂ နှစ်ချလို့ရတယ်လို့ ပြောပြီး အာမခံနဲ့ ပြန်လွှတ်ပေးလိုက်ပါတယ်။ ဒီနေ့ကျတော့ ရဲစခန်းကိုခေါ်တယ်။ ခေါ်ပြီးတော့ ၁၀ နာရီခွဲလောက်ကျတော့ တရားရုံးကို လွှတ်လို့ တရားရုံးကို လာခဲ့ရတာပါ။ ဘာအမှုမှန်းလည်း မသိပါဘူး"

ကိုင်းတန်းဈေးသူ ဈေးသားတွေ ဆန္ဒပြမှုမှာ ဦးဆောင်ခဲ့တယ်ဆိုပြီး ကိုအေးသိန်း၊ ဦးဝင်းဆွေမြင့်၊ ဦးစိန်အောင်တို့ကို သြဂုတ်လ (ရ) ရက်နေ့ မနက်မှာ ဖမ်းဆီးခဲ့ပြီး တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် စည်းရုံးလှုံ့ဆော်မှု ပုဒ်မ ၅၀၅(ခ)နဲ့ တရားစွဲဆိုခဲ့သလို ဈေးသူ ဈေးသား ကိုယ်စားလှယ်အဖြစ် ကိုအေးသိန်း၊ ဦးဝင်းဆွေမြင့်တို့နဲ့အတူ မြို့တော်ဝန်နဲ့ တွေ့ဆုံခဲ့တဲ့ ကိုညီညီကျော်ကိုလည်း လွန်ခဲ့တဲ့လ ၁၃ ရက်နေ့မှာ တရားမ၀င် စီတန်းလှည့်လည်မှု ပုဒ်မ ၁၈ နဲ့ အမှုဖွင်ခဲ့ပြီး ရဲအာမခံနဲ့ လွှတ်ထားခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့မှာတော့ ၅၀၅(ခ)နဲ့ တရားစွဲခံရသူ သုံးဦး၊ ကိုညီညီကျော်နဲ့ အခုအမျိုးသမီးသုံးဦး စုစုပေါင်း (၇) ဦးကို တရားမ၀င် စီတန်းလှည့်လည် ဆန္ဒပြမှုပုဒ်မ (၁၈)နဲ့ တရားစွဲဆိုခဲ့တယ်လို့ ဆိုပါတယ်။

ကိုအေးသိန်းတို့ သုံးဦးကတော့ အမှုနှစ်မှုနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပြီး အာမခံ မပေးတဲ့ ၅၀၅(ခ) ကြောင့် အာမခံ မရခဲ့ပေမယ့် ကျန်လေးဦးကတော့ အခုအမှုကနေ တရားရုံးက အာမခံပေးခဲ့ပြီး ဒီလ ၂၅ ရက်နေ့ကို ရုံးချိန်းလိုက်တယ်လို့ သိရပါတယ်။

အခု တရားစွဲခံရသူတွေထဲက ဦးဆောင်သူတွေဟာ ဆူပူမှုဖြစ်အောင် လုပ်ဆောင်ခဲ့သူတွေ မဟုတ်တဲ့အပြင် ဈေးသူ ဈေးသားတွေကိုယ်စား မြို့တော်ဝန်နဲ့ တွေဆုံခဲ့တာ ဖြစ်တဲ့အတွက် လက်မှတ်ထိုး တောင်းဆိုမှုတွေ လုပ်သွားဖို့ရှိတယ်လို့ သိရပါတယ်။

ကွန်မင့်များ (0)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်