တရားစီရင်ရေးမဏ္ဍိုင် တည့်မတ်ဖို့ ကြိုးပမ်းရမည်

0:00 / 0:00

မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးစနစ်ဟာ အားနည်းနေပြီး၊ ပြည်သူတွေကလည်း တရားရုံးတွေကို ယုံကြည်မှု မရှိတာ တွေ့ရတဲ့အတွက် တရားစီရင်ရေးစနစ်ကို ပြင်ဆင်နိုင်ဖို့ အမြန်ဆုံး ကြိုးစားသွားရမယ်လို့ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ မတ်လ ၂၃ ရက်နေ့မှာ ပြောလိုက်ပါတယ်။

ဒီကနေ့ မနက်ပိုင်းက ပဲခူတိုင်းဒေသကြီး၊ ကညွှတ်ကွင်းမြို့လယ်ခန်းမမှာ ဒေသခံ ပြည်သူလူထု နဲ့ တွေဆုံစဉ် ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တာပါ။

ဒါ့အပြင် နိုင်ငံတစ်နိုင်ငံမှာ ဒီမိုကရေစီ စနစ်ခိုင်မာဖို့အတွက်ဆိုရင် မဏ္ဍိုင်ကြီးသုံးခုအနက် အရေးအကြီးဆုံးက တရားစီရင်ရေး စနစ်ဖြစ်ပြီး တရားစီရင်ရေး စနစ်မှန်ကန်မှ အခြားကဏ္ဍနှစ်ခုဖြစ်တဲ့ ဥပဒေပြုရေးနဲ့ အုပ်ချုပ်ရေးပိုင်းကလည်း မှန်မှန်ကန်ကန် လုပ်ကိုင်ဆောင်ရွက်သွားနိုင်မှာ ဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ဒေသခံပြည်သူတွေကို ရှင်းပြခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဖြူးမြို့ ဘိုးဘွားရိပ်သာမှာ ထူးဖောင်ဒေးရှင်းက လှူဒါန်းတဲ့ ထာဝရ ငွေပဒေသာပင် စိုက်ထူလှူဒါန်းပွဲကိုလည်း တက်ရောက်ခဲ့ပြီး သက်ကြီးဘိုးဘွားများကို တွေ့ဆုံခဲ့ပါတယ်။

အဲဒီနောက်မှာ ပဲခူးတိုင်ဒေသကြီး လမ်းတစ်လျှောက်မြို့တွေဖြစ်တဲ့ ဖြူး၊ ညောင်ပင်သာ၊ ကညွှတ်ကွင်း၊ တောကျွဲအင်း၊ ပဲနွယ်ကုန်း၊ ကျောက်တံခါး၊ ဖဒိုမြို့တွေမှာ ဒေသခံတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

လမ်းတစ်လျှောက်မြို့တွေမှာရှိတဲ့ ဒေသခံလူထုတွေရဲ့ မေးမြန်းချက်တွေကိုလည်း ပြန်လည်ဖြေကြားခဲ့ပြီး လက်ရှိ ပြည်သူတွေရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကိုလည်း အတတ်နိုင်ဆုံးဖြေရှင်းပေးသွားမယ်လို့ ပြောခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ပြောကြားချက်ထဲက ကောက်နှုတ်ချက်တစ်ချို့ကို RFA သတင်းထောက် မဇင်မာဝင်းက တင်ပြထားပါတယ်။