အဲဒီအခမ်းအနားမှာ သဘာပတိအဖြစ် အသက် ၉၅ နှစ်အရွယ် သခင်သိန်းဖေနဲ့ အခမ်းအနားမှူးအဖြစ် ဦးထွေးမြင့်တို့က ဆောင်ရွက်ခဲ့ပြီး ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့တုန်းက အလံတင် အခမ်းအနားမှာ ရွတ်ဆိုခဲ့ကြတဲ့ သစ္စာဓိဌာန် ၉ ချက်ကို ပြန်လည် ဖတ်ကြားခဲ့တယ်လို့ ဝါရင့် နိုင်ငံရေးသမားကြီးများအဖွဲ့ရဲ့ ရုံးအဖွဲ့မှူး ဦးခင်မောင်ကြည်က RFA ကို ပြောပြပါတယ်။
သခင်သိန်းဖေရဲ့ နေအိမ်မှာ ကျင်းပတဲ့ လွတ်လပ်ရေးနေ့ အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD ခေါင်းဆောင်တွေ ၊ တိုင်းရင်းသားခေါင်းဆောင်တွေ အမျိုးသမီး တက်ကြွလှုပ်ရှားသူတွေနဲ့ ကျောင်းသားတွေလည်း တက်ရောက်ကြပြီး စုစုပေါင်း လူ ၂၅၀ နီးပါး ရှိတယ်လို့ သိရပါတယ်။
လွတ်လပ်ရေးရခဲ့တာ ၆၃ နှစ် ရှိသွားပြီဆိုပေမဲ့ မြန်မာပြည်သူတွေကတော့ လွတ်လပ်ရေးကို မခံစားရသေးပဲ တိုင်းပြည်ရဲ့ လက်ရှိအခြေအနေဟာ ခေတ်အဆက်ဆက်မှာ အဆိုးဆုံးပါပဲလို့ ဗြိတိသျှ ကိုလိုနီခေတ်ကနေ စစ်အစိုးရ အုပ်ချုပ်တဲ့ ဒီကနေ့ကာလအထိ ခေတ်မျိုးစုံကိုဖြတ်သန်းခဲ့သူ ဝါရင့်နိုင်ငံရေးသမားကြီး ရွှေတောင် ဦးအုန်းမောင်က ဆိုပါတယ်။
ဒီအကြောင်းတွေနဲ့ ပတ်သက်လို့ ရွှေတောင် ဦးအုန်းမောင်ကို RFA အဖွဲ့သား ကိုဉာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်းထားပါတယ်။