သာသနာညှိုးနွမ်းစေမှုနဲ့ ဖမ်းဆီးခံထားရတဲ့ ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတောင်ကြားလမ်းက V Gastro Bar ဆိုင်ပိုင်ရှင်၊ မန်နေဂျာ ၂ ဦး စုစုပေါင်း ၃ ဦးကို ဗဟန်း မြို့နယ်တရားရုံးမှာ ဒီနေ့ ဒုတိယအကြိမ်မြောက် ရုံးထုတ်စစ်ဆေးရာ နယူးဇီလန်နိုင်ငံသား အထွေထွေ မန်နေဂျာ Philip Blackwood ကို စစ်ဆေးခဲ့ပါတယ်။
တရားရုံးမှာ Philip Blackwood ထွက်ဆိုခဲ့တာတွေကို သူ့ရဲ့အမှုကို လိုက်ပါကူညီနေတဲ့ တရား လွှတ်တော် ရှေ့နေ ဦးမြသွေးက အခုလို ပြောပါတယ်။
"ဒီနေ့ တစ်ယောက်ပဲစစ်တယ်၊ တရားခံ Phillip ကိုစစ်တယ်၊ သူ့ကိုစွဲချက်တင်တာ သူကသဘောရိုးနဲ့ လုပ်ပါတယ်လို့ ထွက်ဆိုထားတယ်၊ သူက Investment သမားပဲသိတယ်၊ ဆိုင်ရှင်တွေ ဘယ်သူပိုင်လဲမသိဘူး၊ နောက်တရားခံနှစ်ယောက်ကို စစ်ဖို့အတွက် ၂ ရက်နေ့ချိန်းတယ်"
Mr.Phillip က ဗုဒ္ဓရုပ်ပွားတော်ရဲ့ ဦးခေါင်းမှာ နားကြပ်တပ်ဆင်ထားတဲ့ရုပ်ပုံကို သူ့ရဲ့ ဖေ့ဘုတ်စ်မှာ V Gastro Bar ဆိုင်ကြော်ငြာအဖြစ် တင်ထားခဲ့တာဖြစ်ပါတယ်။
ဗုဒ္ဓရုပ်ပွားတော်ပုံနဲ့ V Gastro Bar ဆိုင်ရဲ့ ကြော်ငြာဓာတ်ပုံဟာ လူမှုကွန်ရက်စာမျက်နှာမှာ ပျံ့နှံ့ခဲ့တာကြောင့် ဆိုင်ပိုင်ရှင်၊ အထွေထွေမန်နေဂျာနဲ့ မန်နေဂျာတို့ကို ဗဟန်းမြို့နယ် မြို့နယ်သာသနာရေးဦးစီးမှူး ဦးရဲစိုးမြင့်နဲ့ ဗဟန်းမြို့နယ် ရဲစခန်းမှူးတို့က သာသနာညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅ နဲ့ ၂၉၅ (က) တို့နဲ့ တရားလိုပြုပြီး တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။
