ဒု-သမ္မတ အရည်အချင်း ဒေါ်အောင်ဆန်းစုကြည် ပြောဆို

ဒုတိယသမ္မတ အဖြစ် တင်မြှောက်ခံရမယ့်သူဟာ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ရင်ကြားစေ့ရေးကို ဆောင်ရွက် ကြိုးပမ်းမယ့်သူ ဖြစ်သင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြောဆိုတယ်လို့ သိရပါတယ်။

လွှတ်တော် အစည်းအဝေးကို ပထမဆုံးနေ့အဖြစ် တက်ရောက်စဉ် ဒေါ်အောင်ဆန်းစုကြည်ဟာ သတင်းထောက်တွေ မေးမြန်းတာကို ဖြေကြားခဲ့တာပါ။

ဒီအတောအတွင်း ဒုတိယ သမ္မတနေရာ အစားထိုးဖို့အတွက် လက်ရှိ မြန်မာ့တပ်မတော်မှာ တာဝန်ထမ်းဆောင်ဆဲ ကာကွယ်ရေး ဝန်ကြီးဌာနက ကြည်းရေလေ ညှိနှိုင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး လှဌေးဝင်း သို့မဟုတ် ဗိုလ်ချုပ် စိုးဝင်းတို့ကို အဆိုပြုနိုင်တယ်လို့ ပြည်သူ့လွှတ်တော် ဥပဒေပြုရေး ကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းကို ကိုးကားပြီး Bloomberg သတင်းက ရေးသားတာပါ။

ဒါ့အပြင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူးချုပ် ဦးဌေးဦးတို့ဟာလည်း ဖြစ်နိုင်ခြေရှိတဲ့ စာရင်းထဲမှာ ပါတယ်လို့ ဆိုပါတယ်။

လစ်လပ်သွားတဲ့ ဒုတိယ သမ္မတ နေရာအတွက် မနက်ဖြန် ဇူလိုင်လ ၁၀ ရက် နောက်ဆုံးထား ရွေးချယ်တင်မြှောက် ပေးရမယ်လို့လည်း သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ နေ့ခင်းပိုင်း လွှတ်တော် အစည်းအဝေး ခေတ္တနားချိန်မှာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနဲ့ ခေတ္တ တွေ့ဆုံ စကားပြောခဲ့သလို သတင်းထောက်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ လွှတ်တော်မှာ အဆိုတင်သွင်းဖို့ အစီအစဉ်တွေ မဆုံးဖြတ်ရသေးကြောင်း သတင်းထောက်တွေကို ဖြေကြားခဲ့တယ်လို့ သိရပါတယ်။

လက်ရှိ လွှတ်တော်ဟာ ပြီးခဲ့တဲ့ သီတင်းပတ် ဗုဒ္ဓဟူးနေ့ ဇူလိုင်လ ၄ ရက်နေ့က စတင်ကျင်းပခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ဥရောပ ခရီး ပင်ပန်းမှုကြောင့် ခွင့်ယူခဲ့ပြီး ဒီကနေ့မှ လွှတ်တော် အစည်းအဝေးကို တက်ရောက်ခဲ့ပါတယ်။