ဒုက္ခသည်တွေကို ကူညီကြဖို့ ဘာသာရေးခေါင်းဆောင်တွေကို ဒုသမ္မတ တိုက်တွန်း

0:00 / 0:00

ပဋိပက္ခဖြစ်ပွားခဲ့တဲ့နေရာတွေမှာ ဒုက္ခသည်တွေကို အမိုးအကာအောက် အမြန်ဆုံးရောက်ရှိအောင်ကူညီဖို့နဲ့ လူဦးရေ သန်းခေါင်စာရင်း ကောက်တဲ့အခါ အချင်းချင်း ကူညီကြဖို့ နိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေးအဖွဲ့နဲ့ ဒီကနေ့ ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်ရုံးမှာ တွေ့ဆုံ စဉ် ပြောကြားလိုက်ပါတယ်။

ဒုတိယသမ္မတ အဲဒီလိုပြောခဲ့တာနဲ့ ပတ်သက်ပြီး ဘာသာပေါင်းစုံ ချစ်ကြည်ညီညွှတ်ရေးအဖွဲ့ ဥက္ကဌ ဦးစိန်ဝင်းအောင်က RFA ကို အခုလို ပြောပါတယ်။

" ရခိုင်၊ မိတ္ထီလာ၊ ပဲခူးအနောက်ခြမ်း သာယာဝတီ၊ မင်းလှ၊ ဇီးကုန်း၊ ဥက္ကံ၊ လားရှိူးမှာ ပဋိပက္ခတွေဖြစ်ပြီးတော့ ဒုက္ခရောက်နေတဲ့သူတွေကို အကူအညီပေးဖို့ကိစ္စတွေ၊ မိုးတွင်းရောက်လာလို့ အမိုးအကာအောက်ကို ရောက်ဖို့ကိစ္စတွေ ဆောင်ရွက်ပေးဖို့၊ လူဦးရေသန်းခေါင်စာရင်နဲ့ ပတ်သက်လို့ အကူအညီပေးဖို့ကိစ္စတွေ ဆွေနွေးတယ်၊ ဘာသာအချင်းချင်း နားလည်မှုရှိဖို့အတွက် ပူးပေါင်းဆောင်ရွက်ကြဖို့၊ ပဋိပက္ခမပေါ်ပေါက်ဖို့ လုပ်ကြမယ် ကိုင်ကြမယ်၊ ဒါလေးတွေ ဆွေးနွေးတာပါ"
ဘာသာပေါင်းစုံ ချစ်ကြည် ညီညွှတ်ရေးအဖွဲ့နဲ့ နိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းတို့ အခုလို တွေ့ဆုံမှုဟာ ပထမဆုံး အကြိမ်မြောက်ဖြစ်ပြီး ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က အဲဒီအဖွဲ့ကို နှစ်ကြိမ်ေတွ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဒီကနေ့ ဆွေးနွေးပွဲမှာ ပဋိပက္ခဖြစ်ပွားခဲ့တဲ့နေရာတွေအတွင်း ပြန်လည် ထူထောင်ရေး ကိစ္စဆောင်ရွက်တဲ့အခါမှာ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေးအဖွဲ့တွေရဲ့ အကူအညီတွေလည်း လိုအပ်တယ်လို့လည်း ဒုတိယသမ္မတက ပြောခဲ့တယ်လို့ သိရပါတယ်။

ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနဲ့ ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေးအဖွဲ့တို့ တွေ့ဆုံပွဲနဲ့ ပတ်သက်လို့ RFA သတင်းထောက် မရတနာဦး သတင်းပေးပို့ထားတာ နားဆင်နိုင်ပါ တယ်။