လောလောဆယ်အထိ လွှတ်တော်ကိုယ်စားလှယ်တွေကို တရားဝင်စာနဲ့ အကြောင်းကြားတာ မရှိသေးပေမယ့် ဦးတင်အောင်မြင့်ဦး နှုတ်ထွက်မှုနဲ့ ပတ်သက်လို့ ဒီလထဲမှာ လွှတ်တော်ခေါ်ယူဖို့ ဖြစ်နိုင်ခြေများတယ်လို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က အခုလို ပြောပါတယ်။
"ကျွန်တော်တို့ အခုလည်းပြောနေပါတယ်။ ကျွန်တော်တို့ ကိုယ်စားလှယ်များ တွေ့နေတုန်းကပေါ့နော်။ ဦးတင်အောင်မြင့်ဦးကိစ္စက နာယက ကပြောလိုက်တာကိုး၊ ကျွန်တော်တို့ ပုံမှန်အစည်းအဝေးက ဇူလိုင်မှ စမှာပါ။ ဒါပေမဲ့ အရေးပေါ်အစည်းအဝေး လုပ်ရင်တော့ လိုအပ်ရင်တော့ ခေါ်မယ်လို့ ပြောပါတယ်။ အခုလို ဒီကြားထဲ ဇူလိုင်မတိုင်ခင် ခေါ်ရင်တော့ အရေးပေါ်အစည်းအဝေး ရှိလို့ပါ။ အခုလောလောဆယ် ဒီမှာကြားနေတာကတော့ ဦးတင်အောင်မြင့်ဦး နှုတ်ထွက်တယ်။ နှုတ်ထွက်တယ် ဆိုရင်ပေါ့နော်၊ ဒါသူ့နှုတ်ထွက်တာနဲ့ ပတ်သက်လို့ ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးဖို့၊ နောက်ပြီးတော့လည်း တပ်မတော်က ဒုတိယ သမ္မတဖြစ်တယ်ဆိုလို့ရှိရင် တပ်မတော်ဘက်ကလည်း လုပ်စရာရှိတာ လုပ်ဖို့လိုပါတယ်။ ဒါက ဒီသတင်းမှန်လိမ့်မယ် ဆိုရင်ပေါ့နော်"
လာမယ့်လွှတ်တော် ပုံမှန်အစည်းအဝေးကို ဇူလိုင်လထဲမှာ ကျင်းပဖို့ စီစဉ်ထားပေမယ့် ဦးတင်အောင်မြင့်ဦး နှုတ်ထွက်မှုနဲ့ ပတ်သက်လို့ ပြည်ထောင်စုလွှတ်တော်ကို အရေးပေါ် ခေါ်ယူမလား၊ အထူးအစည်းအဝေးအဖြစ် ခေါ်ယူမလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ လွှတ်တော်အမတ်တွေက ပြောပါတယ်။
ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြည်ထောင်စုလွှတ်တော်ကို အထူးအစည်းအဝေးအဖြစ် ခေါ်ယူမယ်ဆိုရင် လွှတ်တော်ကိုယ်စားလှယ်တွေကို (၁၅) ရက် ကြိုတင်အကြောင်းကြားရမှာ ဖြစ်ပြီး၊ အရေးပေါ် ခေါ်ယူမယ်ဆိုရင်တော့ (၃) ရက် ကြိုတင် အကြောင်းကြားရမှာ ဖြစ်ပါတယ်။
ဒုတိယသမ္မတ-၁ သီဟသူရ ဦးတင်အောင်မြင့်ဦးဟာ တပ်မတော်က တင်မြှောက်တဲ့ ကိုယ်စားလှယ် ဖြစ်တဲ့အတွက် လစ်လပ်သွားတဲ့ သူ့နေရာအတွက် တပ်မတော်ထဲကပဲ ပြန်လည် ရွေးချယ်ခန့်အပ်ရမှာ ဖြစ်ပါတယ်။