ကာကွယ်ရေး ဦးစီးချုပ် အိန္ဒိယနိုင်ငံကို သွားမည်

အိန္ဒိယ မြန်မာနှစ်နိုင်ငံ စစ်ရေးဆိုင်ရာ ဆက်ဆံမှု ခိုင်မာမြဲမြံရေးအတွက် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ လာမယ့် သြဂုတ်လဆန်းပိုင်းမှာ အိန္ဒိယနိုင်ငံကို လာရောက်မှာ ဖြစ်ကြောင်း အိန္ဒိယ သတင်းမီဒီယာတွေက မနေ့က ဖော်ပြခဲ့ကြပါတယ်။

ကာကွယ်ရေး ဦးစီးချုပ်ဟာ အိန္ဒိယနိုင်ငံမှာ သြဂုတ်လ (၁) ရက်နေ့ကနေ (၈) ရက်နေ့အထိ နေထိုင်မှာဖြစ်ပြီး အိန္ဒိယ ကာကွယ်ရေးဝန်ကြီး မစ္စတာ A K Antony အပါအဝင် ကြည်း၊ရေ၊လေ အကြီးအကဲတွေနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

ဒါအပြင် အရှေ့ပိုင်း ကြည်းတပ်၊ ရေတပ်စခန်း ဌာနချုပ်တွေနဲ့ တခြား ကာကွယ်ရေးဆိုင်ရာ နေရာဌာနတွေကို သွားရောက် ကြည့်ရှုမယ်လို့ သိရပါတယ်။ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဗုဒ္ဒဂါယာကိုလည်း သွားရောက်မှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလကုန်ပိုင်းက အိန္ဒိယ ဝန်ကြီးချုပ် မန်မိုဟန်ဆင်း မြန်မာနိုင်ငံကို အလည်အပတ် သွားရောက်ခဲ့ပြီးတဲ့နောက် မကြာခင်မှာ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အိန္ဒိယခရီးစဉ် ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

မြန်မာ့ ဒီမိုကရေစီရေးအပေါ် ထောက်ခံအားပေးခဲ့တဲ့ အိန္ဒိယ အစိုးရဟာ ၁၉၉၀ ခုနှစ် နောက်ပိုင်းမှာ မူဝါဒ ပြောင်းလဲသွားခဲ့ပြီး အနောက်နိုင်ငံတွေ စိုးရိမ်နေတဲ့ကြားက မြန်မာစစ်အစိုးရကို ပင်လယ်ပြင် ကင်းလှည့် လေယာဉ်တွေ၊ ၁၀၅ မမ အမြောက်တွေ၊ စစ်ရေယာဉ်တွေ၊ စိန်ပြောင်းတွေနဲ့ ရိုင်ဖယ်သေနတ်တွေ ထောက်ပံ့ခဲ့ပါတယ်။