ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်မှာ အစိုးရတပ်မတော်နဲ့ တအာင်းလွတ်မြောက်ရေးတပ်တွေ တိုက်ပွဲတွေကြောင့် ကျေးရွာသားတွေ ထွက်ပြေးလာတာ တစ်ထောင်ကျော်လောက်ရှိနေပါတယ်။
ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာ အောင်သပြေစုစည်းရပ်ကွက်က ဓမ္မာရုံမှာ ဒုက္ခသည်တွေကို ယာယီနေရာချ ထားပေးနေပြီး စားနပ်ရိက္ခာနဲ့ အမိုးအကာတွေ လိုအပ်နေတယ်လို့ တအာင်းစာပေနဲ့ ယဉ်ကျေးမှုအဖွဲ့က ဦးအောင်မြတ် က ပြောပါတယ်။
"ဒီမှာရှိတဲ့ဒုက္ခသည်တွေက ၈ ရက်ကနေ ဒီနေ့အထိ ရောက်လာကြတာပေါ့၊ ဓမ္မာရုံလေးမှာပဲ နေရာချပေး ထားတာလေ၊ နောက်တဖြည်းဖြည်းနဲ့ များလာတဲ့အတွက် ဓမ္မာရုံကလည်း မဆန့်ဘူး၊ မဆန့်တော့ ပတ်ဝန်းကျင်မှာရှိတဲ့ နေအိမ်တွေမှာ တစ်အိမ်ကို ၁၄၊ ၁၅ ယောက် ခွဲပြီးတော့ တည်းခိုင်းလိုက်တယ်"
ကွတ်ခိုင်မြို့နယ် လွယ်စရမ်း၊ ဒိန်ဂရီ၊ မက်မိုင်၊ ဂျုံးနော် နဲ့ ငေါ့ငါးကျေးရွာ အနီးတစ်ဝိုက်မှာ ပြီးခဲ့တဲ့မတ်လ ၆ရက်နဲ့ ၇ ရက်နေ့တွေက KIA၊ TNLA နဲ့ အစိုးရစစ်တပ်တို့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပါ။
တိုက်ပွဲတွေကြောင့် လက်နက်ကြီးထိမှန်ပြီး ဒဏ်ရာရရှိခဲ့တဲ့ မန့်နိမ့်ကျေးရွာက ဒေသခံအမျိုးသမီးတစ်ဦးကို နမ့်ဖတ်ကာတိုက်နယ်ဆေးရုံမှာ ဆေးကုသပေးနေတယ်လို့လည်း သိရပါတယ်။
ဦးအောင်မြတ်ကို RFA သတင်းထောက် မဇာဏီထွဏ်း ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
