မန်စီနယ် KIA နဲ့ အစိုးရတပ် တိုက်ပွဲကြောင့် တရုတ်ပြည်ဘက် ထွက်ပြေးသူတွေရှိ

0:00 / 0:00

ကချင်ပြည်နယ်နဲ့ ရှမ်းပြည်မြောက်ပိုင်းဒေသတွေမှာ ကချင်လွတ်မြောက်ရေးတပ် KIA တပ်ဖွဲ့တွေနဲ့ အစိုးရတပ်တွေ အကြား မနေ့ကနဲ့ ဒီကနေ့မနက်အထိ တိုက်ပွဲတွေဖြစ်ပွားခဲ့ရာမှာ ဒေသခံတချို့ တရုတ်ပြည်ဘက်ကို ထွက်ပြေးခဲ့ တာတွေရှိသလို နေအိမ်တချို့လည်း မီးရှို့ခံခဲ့ရတယ်လို KIA အရာရှိတစ်ဦးက RFA ကို ပြောပါတယ်။

တိုက်ပွဲတွေဟာ ကချင်ပြည်နယ် မန်စီမြိုနယ်အတွင်း KIA တပ်မဟာ ၃၊ တပ်ရင်း ၂၇ နဲ့ ၁၂ တို့ရှိတဲ့ နေရာတွေမှာ တိုက်ပွဲတွေဖြစ်ခဲ့သလို မနေ့ကနဲ့ ဒီကနေ့မနက်က ရှမ်းပြည်မြောက်ပိုင်း မုန်းကိုးဒေသမှာ ဖြစ်ပွားခဲ့တာလို့ KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘိုး က ပြောပြပါတယ်။

"အခုလောလောဆယ် တိုက်ပွဲဖြစ်တဲ့ မန်စီမြို့နယ်နားမှာဖြစ်တဲ့ တိုက်ပွဲမှာတော့ ပြည်သူတွေ တချို့ရွာတွေ မှာတော့ မရှိကြဘူး၊ ဒီမနက်ဖြစ်တဲ့နေရာမှာတော့ တချို့တလေ ရွာသားတွေရှိတယ်လို့ ကြားပါတယ်၊ ရွာသားတွေလည်း အခုတော့ တောထဲရောက်သွားတယ်လို့ကြားတယ်၊ တချို့ကတော့ မိုင်းခေါင် စစ်ရှောင် စခန်းဘက်ကို ပြန်စုနေပြီလို့ကြားပါတယ်၊ မန်စီမြို့မှာဖြစ်တဲ့ တိုက်ပွဲကြောင့် ထွက်ပြေးတာကတော့ များများတော့မရှိလောက်ပါဘူး၊ အများဆုံးကတော့ ၁ဝဝ အောက်လောက်ပဲ ရှိမယ်ထင်တယ်"

အစိုးရတပ်တွေနဲ့ KIA တို့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟု လာမဲ့ ဇွန်လဆိုရင် ၅ နှစ်တင်းတင်းပြည့်မှာဖြစ်ပြီး တိုက်ပွဲဖြစ်ပွားတဲ့ဒေသတွေက ထွက်ပြေးတိမ်းရှောင်နေရတဲ့ သိန်းနဲ့ချီတဲ့ ဒေသခံတွေဟာလည်း မိမိနေရပ် ကို ပြန်နိုင်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။

အစိုးရသစ်လက်ထက်မှာ ငြိမ်းချမ်းရေးအတွက် လက်နက်ကိုင်တိုင်းရင်းသား အားလုံးပါဝင်တဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရေးဆောင်ရွက်ဖို့ စီစဉ်နေသလို ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပနိုင်ရေး စီစဉ်နေချိန်မှာ KIA တပ်ဖွဲ့တွေနဲ့ အစိုးရတပ်များရဲ့ တိုက်ပွဲတွေဟာ ဆက်လက်ဖြစ်ပွားနေပြီး အစိုးရဘက်က လေကြောင်းက တိုက်ခိုက်မူတွေလည်းရှိတယ်လို့ သိရပါတယ်။

ဗိုလ်မှူးကြီး နော်ဘူး နဲ့ RFA အဖွဲ့သား ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားတာကိုလည်း တဆက်ထဲ နားဆင်နိုင်ပါတယ်။