အခွင့်အရေးချိုးဖေါက်မှု မြန်မာ့ အပြောင်းအလဲကို ခြိမ်းခြောက်နေ

မြန်မာနိုင်ငံမှာ လူနည်းစုတွေရဲ့အခွင့်အရေး ချိုးဖေါက် ခံနေရတာတွေ ကြီးထွားကျယ်ပြန့်လာနေတာဟာ တိုင်းပြည်ရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို ခြိမ်းခြောက်နေတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီး Zeid Al Hussein က ဗုဒ္ဓဟူးနေ့ က ပြောပါတယ်။

မြန်မာအစိုးရဟာ နိုင်ငံရေးအကျဉ်းသားခေတ် ကုန်ဆုံး သွားစေရပါမယ်လို့ ကတိကဝတ်ပြုခဲ့ပေမဲ့၊ အခုအခါ ဒီမိုကရေစီလွတ်လပ်ခွင့်တွေကို ခံစားနိုင်ငံဖို့ကြိုးပမ်းနေ ကြသူတွေကို ဖမ်းဆီးထောင်ချနေတာကြောင့် ၊ နိုင်ငံရေး အကျဉ်းသား မျိုးဆက်သစ်တွေကို ဖန်တီးနေ သလို ဖြစ်နေတယ်လို့ ကြောညာချက် ထုတ်ပြန်ပြောဆို လိုက်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က မိကျောင်းကန် ဆန္ဒပြသူ ၁၄ ဦး ထောင်ချခံရတာ၊ ပြီးခဲ့တဲ့နှစ်အတွင်း သတင်းသမား ၁ဝ ဦးကို ထောင်ချလိုက်တာတွေကို ထောက်ပြပြောဆို ခဲ့တာပါ။

ဒါ့ပြင် လတ်တလော ကမ္ဘာ့နေရာအများအပြားမှာ ဘာသာရေးအစွန်းရောက် အန္တရာယ်နဲ့ ရင်ဆိုင်နေရချိန် အတွင်း၊ မြန်မာနိုင်ငံရဲ့ လာမယ့်ရွေးကောက်ပွဲမှာလည်း ကိုယ်အနိုင်ရဖို့အတွက် ဘာသာရေးကိုအသုံးချပြီး မီးလောင်ရာ လေပင့်လုပ်လာမှာနဲ့ ဝှိုက်ကဒ် ခေါ် ယာယီသက်သေခံကဒ်ပြား ကိုင်ဆောင်သူတွေကို မဲပေးခွင့် ရုပ်သိမ်းလိုက်တဲ့ ကိစ္စတွေအပေါ်စိုးရိမ်ကြောင်းလည်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Zeid Al Hussein က ပြောပါတယ်။