ကမ္ဘာ့ကုလသမဂ္ဂက သတ်မှတ်ထားတဲ့ အမျိုးသမီးတွေအပေါ် နည်းမျိုးစုံနဲ့ အကြမ်းဖက်မှု ပပျောက်ရေး ၁၆ ရက်ကြာ လှုပ်ရှားမှုတွေကို ရန်ကုန် စစ်တွေနဲ့ ကချင်ပြည်နယ် ဗန်းမော်မြို့တွေမှာ ဒီနေ့ကစပြီး လာမယ့် ဒီဇင်ဘာလ ၁၀ရက်နေ့အထိ ကျင်းပနေပါတယ်။
နှစ်စဉ် နိုဝင်ဘာလ ၂၅ ရက်နေ့ကို အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့အဖြစ် ကုလသမဂ္ဂက သတ်မှတ်ထားတာဖြစ်ပြီး ဒီနှစ်မှာ တစ်ကမ္ဘာလုံးက အမျိုးသမီးတွေ လိမ္မော်ရောင် တူညီဝတ်စုံတွေ ဝတ်ဆင်ပြီး ပညာပေးဟောပြောပွဲတွေ ကျင်းပတာဖြစ်ပါတယ်။
ရခိုင်ပြည်နယ် စစ်တွေမြို့က ပညာပေးဟောပြောပွဲတွေကို အမျိုးသမီးများစင်တာ Sittway Women's Center က ဦးဆောင်ပြီး ဒီနေ့မှာ စတင်ကျင်းပတာဖြစ်ပြီး အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေ လျော့နည်းလာစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ပညာပေးကျင်းပတာဖြစ်တယ်လို့ တာဝန်ခံ ဒေါ်စောမီမီသန်း ကပြောပါတယ်။
“ကျမတို့ဒီနေ့ကစပြီး ၁၆ ရက်ကြာလှုပ်ရှားမှု လုပ်သွားမှာဖြစ်ပါတယ်၊ ကျမတို့ ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ အခြေအနေအပေါ်မှာ အမျိုးသမီးတွေ လုံခြုံရေးအခြေအနေလည်းမရှိဘဲနဲ့ ဒီအမျိုးသမီးငယ်တွေရော၊ အမျိုးသမီးကြီးတွေနေပြီးတော့ ဒီနေရာတိုင်းမှာဖြစ်နေတဲ့ မုဒိန်းမှုတွေနဲ့ လူသတ်မှုတွေကို ရပ်တန့်ပေးဖို့အတွက် ကျမတို့က တောင်းဆိုသွားမှာဖြစ်ပါတယ်”
နိုဝင်ဘာလ ၂၅ ရက်နေ့ဟာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့အဖြစ် သတ်မှတ်ထားတာဖြစ်သလို လာမယ့် ဒီဇင်ဘာလ ၁၀ ရက်နေ့ဟာလည်း နိုင်ငံတကာ လူ့အခွင့်အရေးနေ့လည်း ဖြစ်ပါတယ်။ ရန်ကုန်မြို့မှာတော့ ထောင်နဲ့ချီတဲ့အမျိုးသမီးတွေက ပြည်သူ့ရင်ပြင်မှာ ပညာပေးပြပွဲမျိုးစုံ ကျင်းပနေတာပါ။
အလားတူ ပညာပေးပြပွဲတွေ ဟောပြောပွဲတွေကို ကချင်ပြည်နယ် ဗန်းမော်မြို့ ရွှေကျီးနားရပ်ကွက် တံခွန်တိုင်ဘုန်းတော်ကြီးကျောင်း စစ်ဘေးဒုက္ခသည်စခန်းမှာလည်း ကျင်းပခဲ့ပါတယ်။ လက်နက်ကိုင် ပဋိပက္ခတွေမှာ အမျိုးသမီးတွေဟာ အကြမ်းဖက်ခံရမှု အများဆုံးဖြစ်တယ်လို့ တံခွန်တိုင် ဘုန်းကြီးကျောင်းမှာ အခမ်းအနားဦးဆောင်ကျင်းပသူ ဒေါ်ယွန်းနဒီခိုင်က ပြောပါတယ်။
“ကမ္ဘာကသတ်မှတ်ထားတဲ့ အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေကို ကျမတို့ နိုင်ငံတော်အနေနဲ့ရော လူထုတွေအားလုံးကို ကျယ်ကျယ်ပြန့်ပြန့် သိစေချင်တာပေ့ါနော်၊ ပဋိပက္ခ၊ လက်နက်ကိုင် တိုက်ပွဲတွေကြောင့်မို့ အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုစိတ်ချမှုမရှိဘူး၊ အဲဒါလေးတွေကိုလည်း ကျမတို့ အပစ်အခတ် အမြန်ဆုံးရပ်စဲဖို့အတွက်လည်း သဘောသက်ရောက်ပါတယ်၊ အမျိုးသမီးတင်မကဘဲ လူထုတွေအားလုံးကို သိစေချင်တာပေ့ါနော်”
ကမ္ဘာအနှံ့နိုင်ငံတွေက အမျိုးသမီး ၁၀၀ မှာ ၇၅ ယောက်လောက်ဟာ အကြမ်းဖက်မှု တစ်နည်းနည်းနဲ့ တွေ့ကြုံနေရတာဖြစ်ကြောင်း ကမ္ဘာ့ကုလသမဂ္ဂက ထုတ်ပြန်ကြေညာထားပါတယ်။
ဒီနှစ်ကျရောက်တဲ့ အမျိုးသမီးများအပေါ် အကြမ်းဖက်မ ှုပပျောက်ရေး ပညာပေးဆွေးနွေးပွဲ ပြပွဲတွေကို တစ်ကမ္ဘာလုံးက အမျိုးသမီးထု သန်းတစ်ထောင် ပါဝင်ဆွေးနွေးနိုင်ဖို့ ဦးတည်ထားတယ်လို့လည်း နိုင်ငံတကာ အမျိုးသမီးအဖွဲ့တွေက ကြေညာထားပါတယ်။