အဲဒီ ပိုက်သည်ရွာမှာ နေအိမ် ၂၀ ကျော်လောက် မီးလောင်ဆုံးရှုံးခဲ့ပြီး မနက် ၇ နာရီလောက်မှာ ငြိမ်းသွားတယ်လို့သိရပါတယ်။ အကြမ်းဖက်မှုတွေကို စစ်တပ်က သေနတ်ပစ်ဖောက် လူစုခွဲရာမှာ ကျည်ဆန်ထိမှန်သူ ၁ ဦးနဲ့ အပြန်အလှန်တိုက်ခိုက်မှုတွေကြောင့် ၂ ဦး စုစုပေါင်း ၃ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
အလားတူပဲ ရသ့တောင်မြို့တောင်ဘက် ၈ မိုင်ခန့်အကွာမှာ ရှိတဲ့ ညောင်ပင်ကြီးကျေးရွာမှာလည်း လူမျိုးနှစ်ဘက်အကြား ပဋိပက္ခတွေဖြစ်ပွားခဲ့ပြီး နေအိမ်မီးရှို့အကြမ်းဖက်မှုတွေဖြစ်ပွားခဲ့ပါတယ်။ အဲဒီမှာ သေဆုံးသူ ၂ ဦးနဲ့ နေအိမ် ၃၀ ခန့် မီးလောင် ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ အလားတူ ကျောက်တော်မြို့နားက ကျေးရွာတွေမှာလည်း မီးရှို့မှုတွေဖြစ်ခဲ့သလို စစ်တပ်က ပစ်ခတ်တာလည်း ရှိတယ်လို့ သိရှိရပါတယ်။
အောက်တိုဘာလ ၂၅ ရက် ဒီကနေ့ ကျောက်ဖြူမြို့ပေါ်မှာ လုံခြုံရေး တင်းတင်းကျပ်ကျပ်ချထားတာ တွေ့ရကြောင်း မြို့ခံတွေက ပြောပါတယ်။ မနေ့က ဖြစ်ရပ်မှာ နေအိမ်တွေ ဆုံးရှုံးခဲ့ရတဲ့ မိသားစုတွေကို မြို့လယ်မှာ ရှိတဲ့ မြို့မ အားကစားကွင်းကို ကားကြီးတွေနဲ့ ရွှေ့ပြောင်းပေးနေတယ်လို့ ကျောက်ဖြူမြို့ခံတစ်ဦးက ပြောပါတယ်။ ကျောက်ဖြူမြို့ ပဋိပက္ခတွေကြောင့် ဒဏ်ရာရတဲ့ သူတွေကို ကျောက်ဖြူဆေးရုံနဲ့ မြို့နယ် စစ်တပ်ဆေးရုံတွေမှာ ဆေးကုသပေးနေတာတွေ ရှိတယ်လို့လည်း သိရပါတယ်။
မြေပုံမြို့ နဲ့ အနီးတ၀ိုက်မှာတော့ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၃ ရက်နေ့ ညနေပိုင်းက စတင်ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် ဒီနေ့ အချိန်ထိ အခြေအနေတွေ တင်းမာနေဆဲဖြစ်တယ်လို့ သိရပါတယ်။ ပဋိပက္ခတွေအတွင်း သေဆုံးတဲ့သူ ၁ ဦးနဲ့ ဒဏ်ရာရသူ ၆၀ လောက်ရှိတယ်လို့ သိရပါတယ်။ မနေ့က အောက်တိုဘာလ ၂၄ ရက် နေ့မှာတော့ ည ၇ နာရီကနေ မနက် ၅ နာရီအထိ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့တယ်လို့ မြေပုံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းက RFA ကိုပြောပါတယ်။
ကျောက်တော်မြို့ဖက်က အခြေအနေကို သိရအောင် ဒေသခံတစ်ဦးကို ဦးဝင်းနိုင် ဆက်သွယ်မေးမြန်းထားပါတယ်။
| ဆက်သွယ်မေးမြန်းချက် |
|
| အသံဖိုင်ယူရန် |
ရသေ့တောင်မြို့ဖက်က ဒေသခံ တစ်ဦးကို ဒေါ်ခင်ခင်အိက ဆက်သွယ်မေးမြန်းထားပါတယ်။
| ဆက်သွယ်မေးမြန်းချက် |
|
| အသံဖိုင်ယူရန် |
ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ အကြမ်းဖက် ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး ပြည်နယ် အစိုးရ၀န်ကြီး ဦးကျော်သိန်းကို ဒေါ်ခင်ခင်အိက ဆက်သွယ်မေးမြန်းထားပါတယ်။
| ဆက်သွယ်မေးမြန်းချက် |
|
| အသံဖိုင်ယူရန် |