နိုင်ငံခြားသတင်းထောက် ဗီဇာထုတ်ပေးရေး လုပ်ထုံးလုပ်နည်း ပြောင်းလဲ


2014.02.14
journalist-protest-305.jpg Eleven နေ့စဉ်သတင်းစာရဲ့ လွိုင်ကော် သတင်းထောက် ထောင်ဒဏ်ချမှတ်ရတာနဲ့ ပတ်သက်ပြီး ဇန်နဝါရီလ ၇ ရက်နေ့က ရန်ကုန်မြို့မှာ သတင်းမီဒီယာ သမားတွေ ဆန္ဒပြနေစဉ်
photo: RFA/ Sai Htun Aung Lwin

မြန်မာအစိုးရအနေနဲ့ နိုင်ငံခြား သတင်းထောက်တွေ အတွက် ပြည်ဝင်ခွင့်ဗီဇာကို အခုဖေဖော်ဝါရီလကစလို့ လုပ်ထုံးလုပ်နည်းတွေ ပြောင်းလဲချမှတ်ပြီး ထုတ်ပေးနေတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန က ပြောပါတယ်။

ဒီလုပ်ထုံးလုပ်နည်းသစ်အရ ဗီဇာသက်တမ်းကို အဆင့် (၃) ဆင့်ခွဲပြီး ထုတ်ပေးသွာမှာဖြစ်တယ် လို့ ပြန်ကြားရေးဝန်ကြီးဌာနက ဒုတိယဝန်ကြီး ဦးရဲထွဋ်က RFA ကို ဒီကနေ့ အတည်ပြုပြောကြားလိုက်တာပါ။

“ပထမတစ်ခုကတော့ တရားဝင်တင်ပြပြီးတော့မှ ရုံးဖွင့်လှစ်ခွင့် ရထားတဲ့သူတွေ၊ နောက်တခါ ကျနော်တို့နဲ့ MOU ထိုးပြီးတော့မှ ပူးပေါင်းဆောင်ရွက်နေတဲ့ သတင်းဌာနတွေ၊ မီဒီယာတွေဆိုလို့ရှိရင် ၆ လ အကြိမ်ကြိမ် ပြည် ဝင်ခွင့်ဗီဇာပေးပါမယ်၊ ပြီးလို့ရှိရင် ဒီကနေပဲ ပြန်ပြီးတော့ သက်တမ်းတိုးခွင့်လည်း ကျနော်တို့ပေးပါ့ မယ်၊ ဒုတိယ အမျိုးအစားကတော့ ရုံးဖွင့်မထားဘဲ အခါအားလျော်စွာ သတင်းယူချင်တဲ့သူတွေ၊ ရုံးဖွင့်ထားတဲ့ သတင်းထောက်တွေ နောက်ပြီးတော့ ထပ်ပြီးတော့မှ အခါအားလျော်စွာ ထပ်လွှတ်ပေးတဲ့ သတင်းထောက်တွေ ဆိုလို့ရှိရင်တော့ အများဆုံးတစ်လအထိ ကျနော်တို့ သာမန်ပြည်ဝင်ခွင့်ဗီဇာ ပေးပါ့မယ်၊ အစည်းအဝေးတစ်ခုခု ဒါမှမဟုတ် အခမ်းအနားတစ်ခုခုကို လာပြီးတော့ သတင်းယူမယ့်သူကိုတော့ အခမ်းအနားမတိုင်မီ နှစ်ရက်၊ နောက်ပြီး အခမ်းအနားကာလ၊ ပြီးရင် အခမ်းအနားပြီးရင် နှစ်ရက် အဲဒီအတွက်ကို ကျနော်တို့ ဗီဇာထောက်ခံပေးမှာ ဖြစ်ပါတယ်၊ ဒါကတော့ လုပ်နည်းကတော့ ပြောင်းသွားပေမယ့်လည်း နိုင်ငံခြားသတင်းထောက်တွေကို စည်းမျဉ်း စည်းကမ်းနဲ့ ကိုက်ညီတဲ့သူမှန်သမျှ လွယ်လွယ်ကူကူနဲ့ သတင်းယူခွင့်ရအောင် ဗီဇာထောက်ခံပေးမယ် ဆိုတဲ့ အခြေခံမူဝါဒတော့ မပြောင်းပါဘူး”

ဒါဟာ မူဝါဒအပြောင်းအလဲ မဟုတ်ဘဲ လုပ်ထုံးလုပ်နည်း ပြောင်းလဲသွားတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ရန်ကုန်မှာ လက်ရှိ စမ်းသပ်ကျင့်သုံးနေတဲ့ ဗီဇာထုတ်ပေးတဲ့စံနစ်ကို ပြန်လည်သုံးသပ်တဲ့အခါ မြန်မာနိုင်ငံတွင်း ရုံးခန်းမရှိဘဲ အလွတ်သတင်းလာယူနေကြတဲ့ နိုင်ငံခြား သတင်းထောက်တွေကလည်း ရုံးဖွင့်ခွင့်ရထားတဲ့ သတင်းထောက်တွေနဲ့တန်းတူ ဗီဇာအကြိမ်ကြိမ်သက်တမ်းတိုးပြီး နေထိုင်နေတာကြောင့် အခုလို ပြန်လည်သုံးသပ်ပြီး ဗီဇာစံနစ်ကို အဆင့်ခွဲ သတ်မှတ်လိုက်တာလို့လည်း ပြောပါတယ်။

ပြည်ဝင်ခွင့်ဗီဇာ စည်းမျဉ်းစည်းကမ်းနဲ့ ကိုက်ညီတဲ့ သတင်းထောက်တွေအတွက် လွတ်လွတ်လပ်လပ် သတင်းယူခွင့်ရအောင် လုပ်ပေးမယ်ဆိုတဲ့ အစိုးရရဲ့ မူဝါဒရှိပြီးသားမို့ သတင်းလွတ်လပ်ခွင့်ကို ထိခိုက်စရာမရှိဘူးလို့လည်း ဒုဝန်ကြီး ဦးရဲထွဋ်ကပြောပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံမှာ ၂၀၁၂ ခုနှစ်ကစလို့ စာပေစိစစ်ရေး ဖျက်သိမ်းပြီးတဲ့နောက် စာနယ်ဇင်းလွတ်လပ်ခွင့် တိုးတက်လာခဲ့တယ်ဆိုပေမယ့် အခု ၂၀၁၄ ခုနှစ်အတွင်း တုန့်ဆိုင်းသွားခဲ့တယ်လို့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ( ယာယီ) အဖွဲ့ဝင် ဦးဇော်သက်ထွေးက သုံးသပ်ပါတယ်။ အထူးသဖြင့် အစိုးရဌာနတွေမှာ သတင်းယူခွင့် အခြေအနေတွေ တိုးတက်လာတာ မရှိသေးသလို လက်ရှိမှာလည်း သတင်းသမားတချို့ ဖမ်းဆီးခံထားရတာအပြင် သတင်းမီဒီယာ ဥပဒေဟာလည်း ပြဌာန်းနိုင်ခြင်း မရှိသေးဘူးလို့ ဦးဇော်သက်ထွေးက ပြောပါတယ်။

“၂ဝ၁၄ ကတော့ ကျနော်တို့ဟာ တကယ့်ကို ကြိုးတန်းပေါ် လမ်းလျှောက်ရတဲ့ သတင်းသမားတွေအဖြစ် ရပ်တည်နေဆဲပါပဲ၊ နောက်တစ်ခုက တရားစွဲခံနေရတဲ့ သတင်းထောက်တွေကို တွေ့မြင်ရတဲ့အခါကျတော့ နောက်ထပ်သတင်းယူမယ့် သတင်းထောက်တွေဟာ တုန့်ဆိုင်းသွားတာမျိုး၊ တွေဝေသွားတာမျိုး ရှိနေပါတယ်၊ အဓိကကတော့ ကိုယ့်ရဲ့လုံခြုံရေးနဲ့ စိုးရိမ်မှုပါ၊ ၂ဝ၁၄ မှာ သတင်းသမားတွေက Safe ဇုန်ထဲမှာရှိမနေဘူး၊ ဘာပဲပြောပြော ၂ဝ၁၅ မှာလည်း ရွေးကောက်ပွဲတစ်ခု ထပ်ပြီးတော့ ရင်ဆိုင်ရမယ်ဆိုရင် ဒီအခြေအနေနဲ့ ဆိုလို့ရှိရင် ရွေးကောက်ပွဲမှာ သတင်းယူတဲ့ သတင်းသမားတွေအတွက်ကလည်း အချိန်မရွေး အန္တရာယ်ကျရောက်နိုင်တယ်၊ ဒါကြောင့် ၂ဝ၁၄ ဟာ မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့်အတွက် အာမခံနိုင်ဖို့အတွက် ဘယ်လိုသွားမလဲဆိုတဲ့ အရေးကြီးတဲ့နှစ်တစ်နှစ်ပါ”

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ) အဖွဲ့ဝင် ဦးဇော်သက်ထွေး ပြောပြသွားတာပါ၊

ပြင်သစ်နိုင်ငံ ပဲရစ်မြို့အခြေစိုက် RSF လို့ခေါ်တဲ့ နယ်စည်မခြား သတင်းထောက်များအဖွဲ့ရဲ့ နှစ်စဉ်ထုတ်ပြန်တဲ့ သတင်းလွတ်လပ်ခွင့် ဆိုင်ရာမှတ်တမ်းမှာ မြန်မာနိုင်ငံရဲ့ အခုနှစ် သတင်းမီဒီယာ လွတ်လပ်ခွင့်ဟာ ၂၀၁၃ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် တုန့်နှေးသွားကြောင်း ဖော်ပြထားပါတယ်။

အခုလို နိုင်ငံခြား သတင်းထောက်တွေအတွက် ပြည်ဝင်ခွင့်ဗီဇာကို အခုဖော်ဖော်ဝါရီလကစလို့ လုပ်ထုံးလုပ်နည်းတွေ ပြောင်းလဲချမှတ်ထုတ်ပေးနေတဲ့ အခြေအနေတွေနဲ့ တုန့်ပြန်ချက်အမြင်တွေကို RFA အဖွဲ့သူ မသင်းသီရိ တင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။