ကုလအထူးကိုယ်စားလှယ် မိတ္ထီလာကို သွားရောက်မည်

0:00 / 0:00

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ်ရဲ့ အထူးကိုယ်စားလှယ် V J Nambiar ဟာ အဓိကရုဏ်းကြောင့် အရေးပေါ်အခြေအနေ ကြေညာထားရတဲ့ မိတ္ထီလာမြို့ကို မနက်ဖြန် မတ်လ ၂၄ ရက်နေ့မှာ သွားရောက်လေ့လာဖို့ရှိတယ်လို့ သိရပါတယ်။

မစ္စတာဗီဂျေးနမ်ဘီယားနဲ့အတူ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းအပြင် ရန်ကုန်အခြေစိုက် အစ္စလာမ်ဘာသာရေး အဖွဲ့အစည်းခေါင်းဆောင်တွေလည်း လိုက်ပါသွားဖို့ရှိပြီး မိတ္ထီလာမြို့ကိုရောက်ရှိနေတဲ့ မန္တလေး မစိုးရိမ်တိုက်သစ် ဆရာတော် အရှင်ဝီရသူအပါအဝင် ဗုဒ္ဓဘာသာ ခေါင်းဆောင်တွေ၊ လူမှုရေးအဖွဲ့အစည်း ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ရှိပါတယ်။

မစ္စတာဗီဂျေးနမ်ဘီယားဟာ မိတ္တီလာအခြေအနေ တခြားဒေသတွေကို ပြန့်နှံ့မသွားအောင် မိတ္တီလာအဓိကရုဏ်း အမြန်ဆုံးအဆုံးသတ်ဖို့လိုကြောင်းနဲ့ ပြည်သူတွေအနေနဲ့ တရားဥပဒေကို လေးစားသင့်တယ်လို့ ကြေညာချက်တစ်စောင်ထုတ်ပြန်ပြီး တိုက်တွန်းထားပါတယ်။

မနက်ဖြန် မိတ္တီလာခရီးစဉ်မှာ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလမ်သာသနာရေးရာ ကောင်စီဌာနချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးဝဏ္ဏရွှေ လည်းပါမယ်လို့ပြောပါတယ်။

မိတ္ထီလာမြို့မှာဖြစ်ပွားနေတဲ့ အဓိကရုဏ်းနဲ့ ပတ်သတ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်သာသနာရေးရာ ကောင်စီဌာနချုပ် တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးဝဏ္ဏရွှေကို RFA သတင်းထောက် ကိုကျော်သူက သီးသန့်တွေ့ဆုံမေးမြန်းထားပါတယ်။