NLD စည်းရုံးရေး၊ ရွေးကောက်ပွဲ ပညာပေး ဗီဒီယို ဖြန့်ဝေ

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အတွက် ကြားဖြတ်ရွေးကောက်ပွဲ စည်းရုံးရေးနဲ့အတူ ရွေးကောက်ပွဲ မဲပေးပုံ ပညာပေး အချက်အလက်တွေ ပါဝင်ပြီး၊ နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင်တွေနဲ့ ရိုက်ကူးထားတဲ့ “ဒီလိုလေး ခြစ်တတ်ရင် ရပြီ” ဆိုတဲ့ ဗီဒီယိုဇာတ်လမ်းတိုကို မနေ့က လူမှုကွန်ရက် အင်တာနက်မှာ စတင် ဖြန့်ချိလိုက်ပါတယ်။

အဲဒီဇာတ်လမ်းကို ဒါရိုက်တာ "ဝိုင်း" ကိုယ်တိုင် ပါဝင်သရုပ်ဆောင် ရိုက်ကူးထားပြီး အကယ်ဒမီ ရုပ်ရှင် သရုပ်ဆောင်တွေ ဖြစ်တဲ့ လူမင်း၊ ဝေဠုကျော်၊ ရဲတိုက်၊ ထွန်းအိန္ဒြာဗိုနဲ့ ချစ်သုဝေ တို့လည်း ပါဝင်ကြပါတယ်။

ဒီဗီဒီယိုဇာတ်လမ်းကိုကြည့်ခဲ့ရတဲ့ ပြည်တွင်းက ကိုရှိုင်းက သူ့ရဲ့အမြင်ကို အခုလို ပြောပါတယ်။

"ပေးထားတဲ့ သတင်းအချက်အလက်တွေ အတော်လေး ပြည့်စုံပါတယ်။ အခြေခံဥပဒေနဲ့ ပတ်သက်ပြီးတော့ရော၊ ဒီမိုကရေစီရဲ့ အဓိပ္ပါယ်တို့၊ မဲ ထည့်ပုံထည့်နည်း၊ သူများတွေ ခြိမ်းခြောက်ရင် မခံဖို့၊ ကြိုတင်မဲ အကြောင်းတွေ... ထိထိမိမိ ပေးထားတဲ့ သတင်းအချက်အလက်တွေ တွေ့ရပါတယ်"

အခုလို အနုပညာရှင်တွေ စုပေါင်းပြီး မိမိတို့ ကိုယ်ပိုင် သဘောဆန္ဒအရ နိုင်ငံရေးပါတီ တစ်ခုအတွက် ရုပ်ရှင်ဇာတ်လမ်းနဲ့ စည်းရုံးလှုံ့ဆော်ပေးတာဟာ မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။