ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း နဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်တို့ကို လွှတ်တော်ကိုယ်စားလှယ်တာဝန်ကနေ ရုပ်သိမ်းပေးဖို့ မဲဆန္ဒရှင်တွေက လက်မှတ်ရေးထိုး တောင်းဆိုလိုက်ပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူး ဗိုလ်မှူးစိုင်းကျော်သူက ဦးသိန်းဇော်ကို တိုင်ကြားထားတယ်ဆိုတာ ဟုတ်မှန်ကြောင်းနဲ့ လွှတ်တော်ကိုယ်စားလှယ်တာဝန်ကနေ ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းမရှိသေးတဲ့အတွက် တိုင်ကြားစာတွေကို မှတ်တမ်းတင်ထားတယ်လို့ ပြောပါတယ်။
"လွှတ်တော်ကိုယ်စားလှယ်တာဝန်က ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းမရှိသေးတဲ့အတွက်ကြောင့် ဘယ်လိုမှပြန်အရေးယူလို့မရဘူးခင်ဗျ၊ အဲဒီ့ဥပဒေရှိရင် ဥပဒေနဲ့အညီ ဆောင်ရွက်ပေးပါမယ် ဆိုပြီး ပြောထားပါတယ်"
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ဦးသိန်းဇော်နဲ့ပတ်သက်ပြီး တိုင်ကြားစာရောက်ရှိပေမယ့် ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းကို တိုင်ကြားတာနဲ့ပတ်သက်ပြီး တိုင်ကြားစာရောက်ရှိခြင်း မရှိခြင်းကို အတည်ပြုပြောကြားခြင်း မရှိပါဘူး။
ဦးသိန်းဇော်ဟာ မဲဆန္ဒရှင်တွေရဲ့ သဘောထားမပါဘဲ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်တဲ့ မူကြမ်းကို ပြည်ထောင်စုလွှတ်တော်မှာ တင်ပြခဲ့တာဟာ တပ်မတော်နဲ့ တပ်မတော်သားတွေအပေါ်မှာ ပြည်သူတွေ အထင်မှားအောင် ဆောင်ရွက်ခဲ့တာဖြစ်ကြောင်း ပြီးခဲ့တဲ့ ဇူလိုင်လ ၁၇ရက်နေ့စွဲနဲ့ ရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားစာမှာ ပါရှိပါတယ်။
အလားတူ လွှတ်တော် နာယက သူရဦးရွှေမန်းကို ဇေယျာသီရိမြို့နယ် တပ်မတော်သားတွေနဲ့ မိသားစုဝင်တွေ ၁၇၀၀ ကျော်က လက်မှတ်ရေးထိုးပြီး တိုင်ကြားတယ်ဆိုပြီး တင်ထားတဲ့ စာရွက်စာတမ်းတွေ အင်တာနက် မှာ ပြန့်နှံ့နေပါတယ်။
အဲဒီစာထဲမှာ သူရဦးရွှေမန်းဟာ လွှတ်တော်တွင်းရောက်ရှိနေတဲ့ တပ်မတော်သားတွေကို ဖဲ့ွစည်းပုံအခြေခံဥပဒေ ကို သေချာမဖတ်ဘဲ ဆွေးနွေးတာဟာ လွှတ်တော်အတွက် သိက္ခာကျဆင်းစေကြောင်း ပုတ်ခတ်ပြောဆိုတာ ဟာလည်း ကျင့်ဝတ်ကို ဖောက်ဖျက်ကျူးလွန်ရာရောက်ကြောင်း တိုင်ကြားစာမှာ ပါရှိပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ ဦးသိန်းဇော်ဟာ မြစ်ကြီးနာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အဖြစ် ရွေးကောက်ခံရတာဖြစ်ပြီး သူရဦးရွှေမန်းက ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အဖြစ် ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။
မဲဆန္ဒရှင်တွေက တိုင်ကြားထားတာတွေရှိပေမယ့် လွှတ်တော်ကိုယ်စားလှယ် တာဝန်ရုပ်သိမ်းခြင်း ဥပဒေ ကို ပြည်ထောင်စုလွှတ်တော်က အတည်မပြုနိုင်သေးတဲ့အတွက် အရေးယူဆောင်ရွက်ပေးနိုင်ခြင်းမရှိသေးဘူး လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်၊ ဒီအခြေအနေတွေကို မသင်းသီရိက တင်ပြထား ပါတယ်။
