မဲစာရင်း မမှန်ကန်တာတွေ၊ ရွေးကောက်ပွဲဆိုင်ရာ မတရားတဲ့ လုပ်ဆောင်မှုတွေကို NLD က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။ နယ်တွေမှာ မဲစာရင်း မမှန်မကန်အဖြစ်များပြီး မြို့ပေါ်မှာ မဲစာရင်းကွာဟတာ နည်းတယ်လို့ ဆိုနိုင်တာတောင် ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့် မြို့နယ်မှာတင် မဲစာရင်းတွေ ကမောက်ကမ ဖြစ်နေတယ်လို့ NLD ဗဟိုအောင်နိုင်ရေး ဥပဒေရေးရာ ကော်မတီဝင် ဦးလှမျိုးမြင့်က ပြောပါတယ်။
ထုတ်ပြန်ချက်မှာ မတရားတဲ့ လုပ်ဆောင်မှုတွေ ပိုများပြားလာတယ်လို့ ရေးသားထားပြီး နမူနာအဖြစ် စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ စမြင်ကျေးရွာအုပ်စုမှာ ပြည်ခိုင်ဖြိုးပါတီက မတ်လ ၁၆ ရက်ကလုပ်တဲ့ အစည်းအဝေးကို တစ်အိမ်တစ်ယောက် မတက်မနေရ အမိန့်ပေး ဖိတ်ကြားတယ်လို့ ဖော်ပြထားပါတယ်။
ပျဉ်ကိုင်းကြီးအုပ်စု၊ တဲကြီးရွာ မူလတန်းလွန်ကျောင်းကို ပြည်ခိုင်ဖြိုးပါတီက ငွေ သုံးသိန်းခွဲလှူဒါန်းပြီး၊ ရွေးကောက်ပွဲ အနိုင်ရရင် ထပ်လှူဒါန်းမယ်လို့ ဟောပြောတဲ့အကြောင်း သိရပြီး ဒါဟာ မဲဝယ်တာဖြစ်တဲ့အတွက် ရွေးကောက်ပွဲ ဥပဒေနဲ့ ငြိစွန်းတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ တနင်္သာရီတိုင်း လောင်းလုံမြို့နယ်မှာ ကြိုတင်မဲကောက်ယူတာ၊ နေပြည်တော် ဥတ္တရသီရိ မဲဆန္ဒနယ်မှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမင်းသူရဲ့ ဟောပြောပွဲမှာ သစ်သားချွန်နဲ့ အပစ်ခံရလို့ အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိတာ စတဲ့အချက်တွေဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ပေါ်စေရေးကို ထိခိုက်စေနိုင်တယ်လို့ NLD က သတင်းထုတ်ပြန်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက်ယှဉ်ပြိုင်မယ့် ရန်ကုန်တိုင်း ကော့မှူးမြို့နယ် မဲဆန္ဒနယ်မှာ ၅၄ ရွာကိုပဲ မဲစာရင်း စစ်ကြည့်နိုင်ပြီး၊ ထည့်သွင်းပေးရမယ့် လူဦးရေ တစ်ထောင့်သုံးရာကျော်ရှိပြီး၊ မဲစာရင်းမှာ ပိုနေတဲ့လူဦးရေ ၃၀၀ ပြည့်ဖို့ တယောက်ပဲ လိုတော့တဲ့ အကြောင်းလည်း ဖော်ပြပါတယ်။
နိုင်ငံအနှံ့ မဲစာရင်းတွေ မမှန်မကန်ဖြစ်နေတာနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲချုပ် ဗဟိုအောင်နိုင်ရေး တာဝန်ခံ ဦးဉာဏ်ဝင်းကို RFA ဒေါ်စမ်းစမ်းတင်က ဆက်သွယ်မေးမြန်းထားပါတယ်။