မန္တလေးတိုင်း၊ မဟာအောင်မြေ မဲဆန္ဒနယ် မဲဆန္ဒရှင်စာရင်းထဲမှာ မပါဝင်တဲ့ မဲပေးခွင့်ရှိသူ နှစ်ထောင်ကျော်လောက်ကျန် ရှိနေကြောင်း၊ သူတို့တွေ မဲပေးခွင့်ရရေးအတွက် မန္တလေး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ခရိုင်ကော်မရှင်ကို တင်ပြဖို့ စီစဉ်ဆောင်ရွက်နေကြောင်း၊ မဟာအောင်မြေမြို့နယ်က ဝင်ရောက်ယှဉ်ပြိုင်မယ့် NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းကြိုင်က အခုလို ပြောပါတယ်။
"ပထမ မြို့နယ်ကော်မရှင်က ပြောတာက ၆လ ဆက်တိုက် ဒီမှာနေပြီးလို့ရှိရင် ဧည့်စာရင်းနဲ့ နေရင်လည်းပဲ မဲမေးခွင့် ရှိတယ်လို့ပြောတယ်။ အခု အဲဒီလူတွေက တကယ်ပဲ သူတို့ ဒီနေရာမှာနေတာ ၆ လကျော်သွားပြီ၊ ဘော်ဒါဆောင်မှာနေတဲ့ ခလေးတွေပေါ့။ သူတို့က မဲပေးချင်ပါတယ်ဆိုပြီး တကယ်တင်လာတဲ့ အခါကျတော့၊ မဟုတ်ဘူးတဲ့ ဥပဒေမှာ ပြဋ္ဌာန်းတာက ရွေးကောက်ပွဲမတိုင်မီ တစ်လလောက်ကတည်းက ကြိုပြီးတော့ အပြတ်ဖြတ်ရမှာတဲ့ ဆိုတော့ လွန်ခဲ့တဲ့ ၂ လလောက်က မဲစာရင်းမှာ မကြေညာပဲနဲ့ အဲလူတွေက ဘယ်လိုလုပ်ပြီးတော့ သူတို့ဒီမှာ မဲစာရင်းထဲပါတယ် မပါဘူး သိနိုင်မလဲ"
အလားတူပဲ ပဲခူးတိုင်း၊ ကဝမြို့နယ်မှာလည်း မဲစာရင်းကွာဟမှုတွေ တွေ့ရတဲ့အတွက် မြို့နယ်ကော်မရှင်ကို တင်ပြထားကြောင်းနဲ့ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်ဆိုသူက၊ NLD ပါတီဝင်တချို့ကို ခြိမ်းခြောက်မှုတွေ ရှိနေတယ်လို့ အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော်နေရာကို ဝင်ရောက်ယှဉ်ပြိုင်မယ့် NLD လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမျိုးခိုင်က ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်တွေကလည်း စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းတိုက်နယ်၊ နဂါးပေါ်ကျေးရွာကို မဲဆွယ်စည်းရုံးရေးဆင်းလာတဲ့ ကန့်ဘလူမြို့နယ်၊ အမျိုးသားလွှတ်တော် အမှတ် (၃) မဲဆန္ဒနယ်မှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာမြင့်နိုင်နဲ့ အဖွဲ့ကို ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက လိုက်လံနှောင့်ယှက်ခဲ့တယ်လို့လည်း သိရပါတယ်။