ရွေးကောက်ပွဲမှာ မဲမထည့် မနေရ ညွှန်ကြားချက်တွေ အာဏာပိုင်တွေက ထုတ်ပြန်သလို ပယ်မဲ မဖြစ်ရေးအတွက်ကြိုတင် ဆောင်ရွက်ရန် ညွှန်ကြားမှုတွေ ရှိတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။
ပဲခူးမြို့အနီးရှိ ကျေးရွာတခုမှ ဆင်းရဲနွမ်းပါးသော တောနေပြည်သူများ၏ နေထိုင်မှုဘဝ ဖြစ်ပါသည်။ (Photo: AFP)
ခုလို မဲမထည့်မနေရ ညွှန်ကြားချက်တွေဟာ ဧရာဝတီတိုင်း ဘိုကလေးက ကျေးရွာအုပ်စုအပြင် ပဲခုးတိုင်း အနောက်ခြမ်းနဲ့ မကွေးတိုင်းတွေမှာ အာဏာပိုင်တွေက အစည်းအဝေးခေါ်ယူု ပြောဆိုတာတွေ ရှိသလို တရားဝင်မဟုတ်ပဲ ပြောဆိုသတိပေးတာတွေ ရှိတယ်လို့ သိရပါတယ်။
ဘိုကလေးမြို့နယ် ပေါင်းတည်ကျေးရွာအုပ်စုမှာ အောက်တိုဘာလ ၁ ရက်နေ့က ဒေသခံ အာဏာပိုင်တွေက အစည်းအဝေးခေါ်ယူ ပြောဆိုတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“၁ ရက် ၁၀ လ ၁၀ နေ့မှာကျတော့ အစည်းအဝေးတက်ရတယ်။ တက်ရတော့ ရယက ဥက္ကဋ္ဌ ဦးမင်းနိုင်နဲ့ ကျေးရွာ ကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်းတို့က မဲပေးကြဖို့အတွက်ကို ပြောပေးတယ်။ ပယ်မဲမရှိအောင် လုပ်ဖို့လည်း ပြောတယ်ပေါ့ဗျာ။ တခု ထူးခြားတာက မဲရုံတိုင်းမှာ သူတို့ စောင့်ကြည့်တဲ့ လူတွေ ရှိတယ်။ အဲဒီပေါ်မှာ ခင်ဗျားတို့ မဲပြားပေါ်မှာ ကိုယ့်နာမည်နဲ့တကွ မှတ်ပုံတင် နံပါတ်ပါ ထည့်ပြီးတော့ ရေးရမယ်ဆိုပြီးတော့ ပြောတယ်ပေါ့ဗျာ။”
မဲပေးမပေး မဲရုံတွေကစောင့်ကြည့်မှာ ဖြစ်သလို မဲပြားတွေပေါ်မှာ မှတ်ပုံတင် နံပါတ်ရေးခိုင်းတာကြောင့် လျှို့ဝှက်မဲပေးစနစ် မဟုတ်တော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။ အလားတူ မကွေးတိုင်း မြို့လုလင်မြို့ကအခြေအနေနဲ့ ပတ်သက်လို့ မြို့ခံတဦးက ခုလိုပြောပါတယ်။
“မြို့လုလင်မှာ တော်တော်ဆိုးနေတယ်ဆိုတာက ကြံ့ခိုင်ဖွံ့ဖြိုးရေးက သူတို့ ပါတီထဲကိုပေါ့ အဲဒီက မြို့လုလင် ကြံ့ဖွံ့စည်းရုံးရေးမှူးက ကိုမိုးဇော်က ရယက ဥက္ကဋ္ဌလည်း ဖြစ်တယ်ဗျာ၊ ပြည်ခိုင်ဖြိုး စည်းရုံးရေးမှူး တာဝန်ခံလည်း ဖြစ်တယ်ဗျာ။ တာဝန်ခံဖြစ်တော့ သူက ရွာမှာ ခြိမ်းခြောက်ပြီးတော့ တော်တော်ကို အခြေအနေဆိုးနေတာဗျ၊ သူကတော့ မဲ မထည့်လို့ကို မရဘူး။”
အလားတူ စက်တင်ဘာလ ၃၀ ရက်နေ့က မကွေးတိုင်း မြို့သစ်မှာ ဝန်ထမ်းတွေကို အစည်းအဝေးခေါ်ပြီး မဲမပေးမနေ မဲပေးဖို့ ပြောဆိုမှုရှိသလို ဝန်ထမ်းဖြစ်တာကြောင့် ကြံ့ခိုင်ဖွံ့ဖြိုးရေးကို မဲပေးရမယ်လို့ မဝတ ဥက္ကဋ္ဌက ပြောတယ်လို့ အစည်းအဝေး တက်ရောက်သူတွေက ပြောပါတယ်။
ဒါ့အပြင် အစည်းအဝေး တက်ရောက်သူတွေကို တမင်းကျွေးပြီး ကျပ်ငွေ ၇၀၀ နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး တံဆိပ်ပါ ဦးထုတ် တလုံးစီ ဝေခဲ့တာ ဖြစ်တယ်လို့သိရပါတယ်၊ အောင်လံမြို့က ဘဏ်ဝန်ထမ်းတချို့ကလည်း မဲမပေးမနေရ မဲပေးဖို့ ညွှန်ကြားထားတယ်လို့ ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘဏ်မန်နေဂျာထံ မေးမြန်းတဲ့ အခါမှာ မဲပေးရေးနဲ့ပတ်သက်ပြီး ဘာညွှန်ကြားချက်မှ မရှိပါဘူးလို့ ငြင်းဆိုပါတယ်။
တချိန်တည်းမှာလည်း ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးနေတဲ့ စစ်အစိုးရရဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဟာ တခြားမြို့နယ် ကျေးရွာတွေမှာလိုပဲ ရန်ကုန်မြို့တဖက်ကမ်းက ဒလမြို့နယ်မှာလည်း ပြည်သူတွေကို အာဏာသုံး ဖိအားပေး ခြိမ်းခြောက် အကျပ်ကိုင်တဲ့ နည်းလမ်းတွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုလို ဒလမြို့နယ်က ပြည်သူတွေ ကြုံတွေ့နေရတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ ဒေသခံတယောက်ဖြစ်တဲ့ ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (မြန်မာနိုင်ငံ) ပါတီရဲ့ ဒလမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်တင်တင်ရီကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ်မေးမြန်းထားပါတယ်။
| ဆက်သွယ်မေးမြန်းချက်။ |
|
| အသံဖိုင်ယူရန် |
မဲ မသမာမူတွေကို ကိုင်တွယ်ဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ပြောဆို
NLD ပါတီ ရာနှုန်းပြည့်နိုင်တဲ့ သတင်းထွက်
တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်ကို မိတ္ထီလာမှာ တိုက်ခိုက်မှုရှိခဲ့
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဥပဒေ ချိုးဖောက်ကြောင်း ကလော အင်န်အယ်ဒီ တိုင်ကြား
မန္တလေးမြို့မှာ အဲန်အယ်လ်ဒီ မဲရုံကိုယ်စားလှယ် ၁၅၈ ဦး ကူညီ
မကွေးတိုင်း ရေစကြိုမြို့နယ် မဲပေးစာရွက် ခြစ်မရ
မြောင်းမြမြို့နယ်မှာ ကျေးရွာကော်မရှင်နဲ့ ကြံ့ခိုင်ရေးပါတီ မဲကြိုကောက်
လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ အမေရိကန်ပြည်ထောင်စုက တိုက်တွန်း
မှတ်ချက်များ
Click here to add your own comment