မဲပြားမှာ ဖယောင်းပါဝင်နေမှုအပေါ် တိုင်တန်းချက် နယ်ကော်မရှင်စစ်ဆေး

ဧပြီလ ၁ ရက်နေ့က ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ မဲပြားတွေကို ဖယောင်းသုတ်ထားတယ် ဆိုတဲ့ တိုင်ကြားခဲ့မှုနဲ့ပတ်သက်ပြီး ရှမ်းပြည်တောင်ပိုင်း ရွေးကောက်ပွဲ ကော်မရှင်က စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

ကလောမြို့နယ် ပြည်သူ့လွတ်တော် မဲဆန္ဒနယ် အောင်ပန်းမြို့နယ်ထဲက လက်မပင်မဲရုံ၊ မိုးကောင်း ရပ်ကွက်မဲရုံနဲ့ အောင်ပန်း ရပ်ကွက် ၃ အမက ၁၂ မဲရုံတွေက မဲပြားတွေကို ပြန်လည် စစ်ဆေးခဲ့တာ ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် မဲရုံစောင့်ကြည့်ရေးကိုယ်စားလှယ် ရှေ့နေ ဒေါ်ခင်မိုးမိုး က ပြောပါတယ်။ "၆ ရက်နေ့မှာ ဖယောင်းသုတ်တယ် ဆိုတဲ့ ကိစ္စကို NLD နဲ့ ပြည်ခိုင်ဖြိုးပါတီက ကိုယ်စားလှယ်တွေကို ခေါ်ပြီးတော့ ပြည်နယ်ကော်မရှင်ရယ်၊ ခရိုင်ကော်မရှင်ရယ်၊ မြို့နယ် ကော်မရှင်ရယ်၊ နောက် ကျမတို့ ပါတီ ၂ ခုက ကိုယ်စားလှယ် ၂ ယောက်ရယ်၊ ၅ ဦးပါတဲ့ အဖွဲ့ကနေပြီးတော့ ဖယောင်းသုတ်တယ်လို့ စွတ်စွဲခံရတဲ့ မဲရုံက မဲကဒ်ပြားတွေကို ဖောက်ဖွင့်ပြတယ်။ ကျမတို့ ကြည့်တယ်။ ဖယောင်းသုတ်ထားတာ လုံးဝမရှိဘူး။" ဒီမဲရုံသုံးရုံကို ပြန်စစ်ဆေးခဲ့ရတာဟာ ကလောမဲဆန္ဒနယ်က မဲပြားတွေမှာ မဲပေးလို့မရအောင် ဖယောင်းသုတ်ထား တယ်ဆိုပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို တိုင်ကြားခဲ့တဲ့အတွက် ပြန်စစ်ဆေးဖို့ ပြောဆိုလာတာကြောင့် ပါတီကြီး ၂ ခုရဲ့ ကိုယ်စားလှယ်တွေကို ခေါ်ယူပြီး စစ်ဆေးခဲ့တာလို့ ဒေါ်ခင်မိုးမိုးက ပြောပါတယ်။ ဒါပေမယ့် ဒီတိုင်တန်းမှုဟာ နယ်ခံ NLD က တိုင်ကြားတာမဟုတ်ဘဲ နယ်ခံပြည်သူတွေက တိုင်ကြားခဲ့တဲ့အတွက် အဖွဲ့ချုပ် အောင်နိုင်ရေးမှူး ဦးဉာဏ်ဝင်းက ကော်မရှင်ကို တင်ပြခဲ့တဲ့အတွက် အခုလို စစ်ဆေးတာလို့ ဆိုပါတယ်။ ရှမ်းပြည်တောင်ပိုင်းက ပြည်သူ့လွတ်တော်နေရာမှာ NLD ပါတီ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၊ တစည ပါတီ၊ ပအိုဝ်အမျိုးသားအဖွဲ့ချူပ် ပါတီနဲ့ ကျားဖြူပါတီ စတဲ့ ပါတီ ၅ ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး NLD ပါတီက ကိုယ်စားလှယ်လောင်း ဒေါက်တာ ဒေါ်သန်းငွေ က မဲအပြတ်အသတ်နဲ့ အနိုင်ရရှိခဲ့တဲ့နေရာ ဖြစ်ပါတယ်။