လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အကောင်အထည်ဖော်နေတဲ့ တရုတ်ဝမ်ပေါင်ကုမ္ပဏီမှာ သင်တန်းတက်နေသူ ဒေသခံဘွဲ့ရ ၂၃၃ ဦးက လစာတိုးရရှိရေးအတွက် ဒီကနေ့ မနက်ပိုင်းက ဝမ်ပေါင်ကုမ္ပဏီကို လမ်းလျှောက် ဆန္ဒဖေါ်ထုတ်ခဲ့ကြတယ်လို့ သိရပါတယ်။
ဒေသခံဘွဲ့ရ ၂၃၃ဦးကို သင်တန်း ၅ လတက်စေပြီးတဲ့နောက် လစာတစ်လကို အမေရိကန်ဒေါ်လာ ၁၂၀ ပေးတာကို ဒေသခံတွေက ၂၄၀ တိုးတောင်းခဲ့တာဖြစ်ပါတယ်။
ဒေသခံတွေရဲ့ တောင်းဆိုချက်ကို ပြီးခဲ့တဲ့မတ်လ ၂၉ရက်နေ့က တစ်ကြိမ် ကုမ္ပဏီကငြင်းပယ်ခဲ့ပြီး ဧပြီလ ၅ရက်နေ့ လစာထုတ်ပေးချိန်မှာလည်း အလုပ်သမားတစ်ဦးခြင်းကို လစာနဲ့အတူ ငြင်းပယ်တဲ့ စာတစ်စောင်စီပေးခဲ့တယ်လို့ ဆိုပါတယ်။ အလုပ်သမားတစ်ဦးဖြစ်တဲ့ ဖေါင်းဝသာရွာသား ကိုသန်းလွင်က သတ္တုတွင်းလုပ်သားအနေနဲ့ မိမိတို့ရရှိတဲ့လစာဟာ တခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် အလွန်နည်းလွန်းတယ်လို့ ပြောပါတယ်။
ဝမ်ပေါင်ကုမ္ပဏီက အလုပ်သမားတွေကို လစာတိုးပေးဖို့ နောက်ထပ် သင်တန်း ၁၈ လ တက်ပြီးတဲ့နောက်မှ စာမေးပွဲဖြေဆိုအောင်မြင်ရင် အမေရိကန် ဒေါ်လ ၁၈၀ ပေးမယ်လို့ ပြောဆိုထားသလို လုပ်သက် ၂ နှစ်ပြည့်ချိန်မှာ စာမေးပွဲဖြေဆိုပြီးမှ လစာတိုးပေးမယ်လို့လည်း ပြောဆိုပါတယ်။
ဒီကနေ့ မနက်ပိုင်းဆန္ဒပြပွဲကို မုံရွာတဘက်ကမ်း ညောင်ပင်ကြီးဆိပ်ကနေ ရန်ကုန်ပြည်လမ်းမအထိ လမ်းလျောက်ဆန္ဒပြထုတ်ဖေါ်တာဖြစ်ပြီး မြို့နယ်ရဲတပ်ဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ ဆန္ဒပြတာလို့ သိရပါတယ်။ ဆန္ဒထုတ်ဖေါ်တာကို မနက်ဖြန်မှာလည်း ဆက်လက်ဆောင်ရွက်မှာဖြစ်တယ်လို့ သိရပါတယ်။