ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့က ပင်မကျောင်းသား သပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွင်းခံရတာကို ကန့်ကွက်ဆန္ဒပြရာမှာပါဝင်ခဲ့တဲ့ သန်လျင် နည်းပညာ တက္ကသိုလ် ကျောင်းသူ မပိုပိုကို ဒီနေ့ ညနေမှာ သန်လျင်မြို့နယ်ရဲစခန်းက ဖမ်းဆီးခဲ့ပါတယ်။
မပိုပိုကို ကမာရွတ်မြို့နယ်ရဲစခန်းက ဖမ်းဝရမ်းထုတ်ထား တဲ့အတွက် ဖမ်းဆီးပြီး ကမာရွတ်ရဲစခန်းကို လွဲှပြောင်းပေး လိုက်တယ်လို့ သန်လျင်မြို့နယ် ရဲတပ်ဖွဲ့မှူး ဦးမြင့်ဦး က ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁ဝရက်နေ့က လှည်းတန်းဈေးရှေ့ မှာ ကျောင်းသားသပိတ်ကို အကြမ်းဖက်ဖြိုခွင်းတာ ကိုကန့်ကွက်ကြောင်း ကျောင်းသူ ကျောင်းသား ၁ဝဝ ကျော်လောက်က ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။
ဒါ့အပြင် ကမာရွတ်မြို့နယ်ရဲစခန်း စခန်းမှူး ဦးဇော်ဝင်းက တရားလိုလုပ်ပြီး ကိုနန္ဒာစစ်အောင်၊ ကိုကျော်ကိုကို၊ ကိုလင်းထက်နိုင် (ခ) ဂျိမ်း၊ ကိုရှိန်းရာဇာထွန်း၊ ကိုဝင်းကျော့မှူး တို့ကိုလည်း ပုဒ်မ ၅ဝ၅ (ခ)၊ ၁၄၃၊ ၁၄၅၊ ၁၄၇ စတဲ့ပုဒ်မတွေ နဲ့ အမှုဖွင့်ထားပါတယ်။ ကိုဝင်းကျော့မှူးကို ဧပြီလ ၅ ရက်နေ့က ဖမ်းဆီးခဲ့ပြီး အင်းစိန်ထောင်မှာ ထိန်းသိမ်းထားပါတယ်။
ဒီအတောအတွင်း ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြခဲ့တဲ့ မိကျောင်းကန် သပိတ်စခန်းကို ကူညီခဲ့သူ ကိုဝေဠု ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု နဲ့ ကျောက်တံတားမြို့နယ်တရားရုံးက ဒီနေ့ ထောင်ဒဏ် ၁ နှစ် ချမှတ်လိုက် ပါတယ်။
မတရားဖမ်းဆီးခံရပြီး ပြစ်ဒဏ်ချမှတ်ခံရတာဖြစ်တယ်လို့ ကိုဝေဠုက အမိန့်ချအပြီးမှာ ပြောပါတယ်။
"ဥပဒေမဲ့ဖမ်းဆီးပြီး အမည်မသိတဲ့ရဲတပ်ဖွဲ့ဝင်လို့ ခေါင်းစဉ်တပ်ထားတဲ့လူတချို့က ဖမ်းဆီးပြီး ဒီတရားရုံးကိုတင်ပို့လိုက်တာနဲ့ ထောင်ဒဏ် ၁ နှစ်ဆိုပြီး အပြစ်ချ ခံရတာဟာ အောက်ခြေမှာ ရှိတဲ့ပြည်သူ့ရဲဝန်ထမ်းတွေနဲ့ အောက်ခြေမှာရှိနေ တဲ့ ပြည်သူ့တရားစီရင်ရေးက တရားသူကြီးတွေနဲ့ ကျနော်တို့အောက်ခြေပြည်သူ လူထုကြားထဲကို တစ်စုံတစ်ရာ သင်းကွဲအောင်စနစ်တကျနဲ့ လူတချို့က ကြိုးကိုင်ပြီးတော့ ကျနော်တို့ပြည်သူတွေ ရဲ့စည်းလုံးမှုကို ဖျက်ဆီးနေတယ်လို့ ကျနော်မြင်ပါတယ်"
ဒါ့အပြင် ဖမ်းဆီးခံထားရတဲ့ သပိတ်မှောက် ကျောင်းသား ကျောင်းသူတွေကို ပြန်လွှတ်ပေးဖို့နဲ့ အကျဉ်းထောင်ထဲမှာ ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ကို ပြန်လွှတ်ပေးဖို့ ကိုဝေဠုက တရားရုံးရှေ့မှာ တောင်းဆိုခဲ့ပါတယ်။
ကိုဝေဠုကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက ဖမ်းဆီးခဲ့ပြီး ကျောက်တံတားမြို့နယ် ဒုတိယရဲမှူးက နိုင်ငံတော်အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။
