ရုံးတင်စစ်ဆေးခဲ့တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ဒီအမှုကို အခမဲ့လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးရောဘတ်စန်းအောင်က RFA ကို အခုလို ပြောပါတယ်။
"သူတို့ကိုဒီနေ့ ကျောက်တံတားတရားရုံးနဲ့ ပန်းဘဲတန်း တရားရုံးနှစ်ခုမှာ အမှုတင်ပါတယ်၊ ဥပဒေပုဒ်မ ၅၀၅(ခ)နဲ့တင်တယ် အာမခံမပေးပါဘူး"
ဒီကနေ့မှာ နိုင်ငံတော်အား အသရေဖျက်မှု ပုဒ်မ ၅၀၅(ခ) အရ တရားရုံးနှစ်ခုလုံးက ရုံးတင်စစ်ဆေးခဲ့ပေမယ့် သူတို့အားလုံးကို အာမခံ မပေးဘဲ ပယ်ချခဲ့ပါတယ်။ လာမယ့် ဒီဇင်ဘာလ (၁၁) ရက်နေ့ကို ရုံးချိန်းပြန်လည် ချိန်းဆိုလိုက်ပြီး အင်းစိန် အကျဉ်းထောင်ကို ပြန်လည်ခေါ်ဆောင်သွားခဲ့ပါတယ်။ အလားတူ မနေ့က ဒီဇင်ဘာလ ၂ ရက်နေ့မှာ လက်ပန်းတောင်းတောင် စီမံကိန်းရပ်ဆိုင်းပစ်ဖို့ ဆန္ဒပြခဲ့တဲ့ Generation Wave အဖွဲ့က ကိုမိုးသွေးနဲ့ ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ရက်က ကိုအောင်တို့တို့ နှစ်ဦးကို ဒီကနေ့ ဒီဇင်ဘာလ ၃ ရက် နေ့မှာ ဗဟန်းတရားရုံးမှာ ရုံးထုတ်ခဲ့တယ်လို့ သိရပါတယ်။
ဆန္ဒပြခေါင်းဆောင်တွေဖြစ်တဲ့ ကိုဝေဠု၊ ကိုရဲလင်း၊ ကိုမျိုးချစ်၊ ကိုညီညီ၊ ဒေါ်နော်အုံးလှနဲ့ ဒေါ်ရှမ်းမတို့ကို ပုဒ်မ ၁၈၊ ပုဒ်မ ၅ဝ၅(ခ)နှစ်ခုနဲ့ နိုဝင်ဘာလ (၂၆)ရက်နေ့ကတည်းက တရားစွဲဆိုခဲ့ပြီး အာဏာပိုင်တွေက အင်းစိန်အကျဉ်းထောင်ကို တစ်ပါတည်း ခေါ်ဆောင်သွားခဲ့တာပါ။
ကိုဝေလုတို့အမှုကို အခမဲ့ လိုက်ပါကူညီပေးနေတဲ့ ဥပဒေ အကျိုးဆောင် ဦးအောင်သိန်းကို RFA ဝိုင်းတော်သူ ဒေါ်ခင်ခင်အိ ဆက်သွယ်မေးမြန်းထားပါတယ်။
