သတင်းစာ လွတ်လပ်ခွင့် အာမခံပေးဖို့ မြန်မာအစိုးရကို တိုက်တွန်း

မီဒီယာ လွတ်လပ်ခွင့်နဲ့ သတင်းစာ လွတ်လပ်ခွင့်တွေကို အာမခံပေးဖို့ ကမ္ဘာတလွှား သတင်းစာနဲ့ သတင်းပုံနှိပ်ထုတ်ဝေသူများအသင်း (WAN-IFRA) က မြန်မာအာဏာပိုင်တွေကို တိုက်တွန်းလိုက်ပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ မနေ့က စတင်ကျင်းပတဲ့ အသင်းရဲ့ နှစ်ပတ်လည် ညီလာခံမှာ အခုလို တိုက်တွန်းလိုက်တာဖြစ်ပါတယ်။

တချိန်ထဲမှာလည်း မြန်မာသတင်းစာ ထုတ်ဝေသူတစ်ဦးဖြစ်တဲ့ Eleven Media Group ရဲ့ ဦးဆောင်တည်ထောင်သူ ဒေါက်တာသန်းထွဋ်အောင်ကိုလည်း သတင်းစာလွတ်လပ်ခွင့်ဆိုင်ရာ ရွှေကလောင်ဆုကို ဒီကနေ့ အခမ်းအနားမှာ ချီးမြင့်လိုက်ပါတယ်။

အသင်းကြီးရဲ့ ၆၅ နှစ်မြောက် ညီလာခံကို ဘန်ကောက်မြို့မှာ ၄ ရက်ကြာ ကျင်းပတာဖြစ်ပြီး မြန်မာနိုင်ငံက သတင်းစာဆရာတွေနဲ့ သတင်းစာထုတ်ဝေသူတွေလည်း တက်ရောက်နေကြပါတယ်။

WAN-IFRA အသင်းကြီးဟာ နိုင်ငံပေါင်း ၁၂ဝ ကျော်က ထုတ်ဝေသူ ၁ သောင်း ၈ ထောင်၊ အင်တာနက် သတင်းအဖွဲ့အစည်း ၁ သောင်း ၅ ထောင်နဲ့ သတင်းကုမ္ပဏီပေါင်း ၃ ထောင်ကျော်ကို ကိုယ်စားပြုထားတဲ့ အဖွဲ့ကြီးဖြစ်တယ်လို့ သိရပါတယ်။