ကြေးနီတောင် ဒေသခံတွေ ကို လျော်ကြေးငွေပေးဖို့ ပြင်ဆင်

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြောင့် နစ်နာခဲ့တဲ့ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်အတွင်းက လယ်ယာမြေဆုံးရှုံးခဲ့တဲ့ ပြည်သူတွေ အတွက် ငွေကျပ်သိန်းပေါင်း ၄၆၄၀၀ ကျော်ကို တရုတ်ဝမ်ပေါင်ကုမ္ပဏီက ပေးလျော်သွားမယ်လို့ သိရပါတယ်။

အဲ့ဒီလျော်ကြေးတွေကို မတ်လ ၁၅ ရက် ဒီကနေ့စတင်ပြီး ပေးလျော်ဖို့ရှိတယ်လို့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အစီရင်ခံစာကို အကောင်အထည်ဖော်မယ့် လုပ်ငန်းကော်မတီရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှုးချုပ် ဦးတင်မြင့်က RFA ကို ဒီမနက်ပိုင်းက အတည်ပြု ပြောကြားပါတယ်။

“ကျနော်တို့ အကြမ်းဖျင်းတွက်တာကတော့ ကျပ်သိန်းပေါင်း ၄၆၅၁၈ ပေါ့၊ အဓိကကတော့ ဝမ်ပေါင်ကုမ္ပဏီက ပေးရမှာပေါ့၊ ဝမ်ပေါင်ကုမ္ပဏီရဲ့ အကျိုးအမြတ်ထဲကနေပြီးတော့ လယ်သမားတွေနစ်နာတဲ့ မြေယာလျော်ကြေး၊ အဲ့ဒီထဲကမှ သဘာဝပတ်ဝန်းကျင် ပျက်စီးတာတွေ ပြန်လုပ်ပေးဖို့၊ မြေကြီးတွေ ပြန်ဖို့ပေးဖို့ကအစ နောက်သစ်ပင်တွေ ပြန်စိုက်ပေးဖို့၊ သောက်သုံးရေတွေ ရရှိရေးကိစ၊္စ နောက် လယ်သမား ယာသမားတွေ ရွှေ့ပြောင်းတဲ့အခါမှာ အဲ့ဒီသူတို့ပြောင်းရွှေ့တဲ့အိမ်တွေကို အဆင့်မီပြန်လုပ်ပေးဖို့ သူတို့အတွက်လမ်းတွေဖောက်ပေးဖို့ သောက်သုံးရေရရှိဖို့ အဲဒါတွေအကုန်ပြန်လုပ်ပေးဖို့ကတော့ ဝမ်ပေါင်ကုမ္ပဏီက လုပ်ပေးမှာပါ”

ဒီလျော်ကြေးငွေတွေ ပြန်ပေးမယ့်ကိစ္စကို စီစဉ်ဆောင်ရွက်ဖို့ သမ္မတရုံးဝန်ကြီး ဦးလှထွန်းနဲ့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးသာအေးတို့ ခေါင်းဆောင်တဲ့ လက်ပံတောင်းတောင် လုပ်ငန်းကော်မတီဟာ ဒီကနေ့နေ့လယ်ပိုင်းမှာ ဆားလင်းကြီးမြို့နယ်အတွင်းက လယ်သိမ်းခံပြည်သူတွေနဲ့ လာရောက်တွေ့ဆုံခဲ့ပါတယ်။

သိမ်းယူထားတဲ့ လယ်မြေဧက ၆၇၈၄ဧက လက်ရှိ ကာလပေါက်ဈေးအတိုင်း ပေးလျော်သွားဖို့ စီစဉ်ထားပြီး စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာကို နားမလည်သေးတဲ့ လက်ပံတောင်းဒေသခံတွေအတွက် အစီရင်ခံစာ အနှစ်ချုပ်ကိုလည်း မကြာမီဖြန့်ဝေသွားဖို့ရှိတယ်လို့ သိရပါတယ်။

လက်ပံတောင်းဒေသခံတွေအတွက် စိုက်ပျိုးမြေဧက ၁၉၀၀ ကျော်ကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၊ စီးပွားရေးဦးပိုင်နဲ့ တရုတ်ဝမ်ပေါင်ကုမ္ပဏီတို့ ညှိနှိုင်းပြီး ပြန်လည်ဖော်ထုတ်ပေးဖို့လည်းရှိကြောင်း သိရပါတယ်။