ဒုက္ခသည်စခန်းမှ စစ်ဘေးရှောင်များ တခြားကိုရွှေ့ပြောင်းဖို့ ညွှန်ကြား

0:00 / 0:00

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ကျီရာပြင်နဲ့ စေတီတောင်ကျေးရွာမှာ မှီခိုနေတဲ့ စစ်ဘေးဒုက္ခသည်တွေကို လာမယ့် ဇန်နဝါရီလ ၂၀ ရက်နေ့ နောက်ဆုံးထားပြီး နီးစပ်ဆွေမျိုးတွေအိမ်ကို ပြန်ကြဖို့ မြို့နယ်အုပ်ချုပ်ရေးမှူးက ညွှန်ကြားလိုက်တယ်လို့ သိရပါတယ်။

မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ တာဝန်ရှိသူအချို့က မနေ့က ဒုက္ခသည်တွေနဲ့တွေ့ဆုံပြီး ပြောခဲ့တာလို့ ဒုက္ခသည်အရေး ကူညီပေးနေတဲ့ စေတီတောင်ရွာခံ ကိုဦးဆန်းမောင်က ပြောပါတယ်။

"ဒီမှာဒုက္ခသည်တွေနေလို့မဖြစ်ဘူးလို့ ပြောတယ်လေ၊ ပြီးတော့ ဒုက္ခသည်တွေကတောင်းဆိုတယ်၊ အိမ်ပြန်ချင်တယ်၊ ဘယ်တော့ငြိမ်းချမ်းမှာလဲမေးတယ်၊ ကိုယ့်နေရာလဲပြန်လို့မရဘူး၊ ဒုက္ခသည်စခန်းမှာလဲမထားဘူးတဲ့၊ ရွာမှာရှိတဲ့ဆွေမျိုးတွေအိမ်မှာ တည်းခိုပြီးနေကြလို့ပြောတယ်"

မြောက်ဦးမြို့နယ် ကျီရာပြင်နဲ့ စေတီတောင်ကျေးရွာမှာ စစ်ဘေးဒုက္ခသည် ၂၀၀ ကျော်ရှိပြီး ပြီးခဲ့တဲ့လက ကျောက်တော်မြို့နယ်မှာ အစိုးရတပ်မတော်နဲ့ ရက္ခိုင့် တပ်မတော်တို့ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်လာကြတာ ဖြစ်ပါတယ်။

အခုအချိန်မှာ တိုက်ပွဲဖြစ်ပွားတာမရှိတော့တာအပြင် လက်ရှိမှီခိုနေတဲ့ ဘုန်းတော်ကြီးကျောင်းတွေမှာ နေရာအခက်အခဲတွေကြောင့် နီးစပ်ရာ ဆွေမျိုးတွေဆီ ကိုသွားရောက်ကြဖို့ ပြောတာ ဖြစ်တယ်လို့လည်း ဒုက္ခသည်အရေးကူညီပေးနေသူတွေက ပြောပါတယ်။

ရခိုင်ပြည်နယ် ခေတ္တဝန်ကြီးချုပ် ဦးမြအောင်က ကျီရာပြင်စစ်ဘေးဒုက္ခသည်စခန်းကို ဒီနေ့ သွား ရောက်ပြီးတော့ သူတို့ရဲ့ မူရင်းဒေသတွေမှာ တရားဥပဒေစိုးမိုးမှု အားနည်းတာကြောင့် ဒုက္ခသည်တွေအတွက် ကျေးရွာသစ်တစ်ရွာထူထောင်ပေးမယ့် အကြောင်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီက မြောက်ဦးမြို့နယ်ရဲ့ အနိုင်ရ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန် ကို RFA သတင်းထောက် ကိုကျော်သူ က ဆက်သွယ်မေးမြန်းထားပါတယ်။