စစ်ရပ်စဲဖု့ိ ပလောင်တောင်းဆို

ပလောင်တိုင်းရင်းသားဒေသမှာ မြန်မာ့တပ်မတော်က ထိုးစစ်ဆင်နေတာကို ရပ်ဖို့နဲ့ ဖမ်းဆီးထားတဲ့ အရပ်သားတွေပြန်လွှတ်ဖို့ တအာင်းကျောင်းသားနဲ့ လူငယ်အဖွဲ့ TSYU က မနေ့က တောင်းဆိုလိုက်ပါတယ်။

ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့ကစပြီး ဒီနေ့ အချိန်ထိ အပြစ်မဲ့ရွာသူ၊ ရွာသား ၁ ရာကျော် ဖမ်းဆီးခံထားရ သလို၊ ရိုက်နှက်ခံရလို့ ဒဏ်ရသူ ၃ ဦး၊ တိုက်ပွဲအတွင်း ဒဏ်ရာရသူ ၃ ဦးရှိပြီး အိမ်အလုံး ၂ဝ ကျော် မီးရှို့ဖျက်ဆီး ခံရတယ်လို့ တအာင်းကျောင်းသားနဲ့ လူငယ်သမဂ္ဂရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် သက်ကြီးရွယ်အိုနဲ့ ကလေးတွေလည်း သေနတ်ဒဏ်ရာတွေရလို့ ဆေးကုနေရတယ်လို့ တအာင်းအမျိုးသမီး အဖွဲ့ တွဲဖက်အတွင်းရေးမှူး (၂) မဒီဒီပိုးကျိန်းက RFA ကိုပြောပါတယ်။

"ကွတ်ခိုင်မြို့နယ်မှာ အသက် ၆ဝ အရွယ် အဖွားတစ်ယောက်လည်း ဒဏ်ရာပြင်းထန်စွာရနေတာ အခုလောလောဆယ် နမ့်ဖတ်ကာတိုက်နယ်ဆေးရုံမှာ အတွင်းလူနာအဖြစ် ဆေးကုသခံယူနေတာပေါ့နော်၊ ၉ နှစ်အရွယ် မိန်းကလေးတစ်ယောက်လည်း သေနတ်ဒဏ်ရာနဲ့ မူဆယ်ဆေးရုံမှာ ဆေးကုသမှုခံယူနေ ပါတယ်၊ ကျမတို့ ဒီ ၁ ရက် ၂ ရက်မှာ ရလာတဲ့သတင်းအရဆိုရင် မိန်းကလေးလည်း သေနတ်ဒဏ်ရာ ထိထားတာပေါ့နော်"

အဲ့ဒီစစ်ပွဲတွေကြောင့် ထွက်ပြေးရတဲ့ပြည်သူပေါင်း ၁ ထောင့် ၃ ရာကျော် ရှိနေပြီလို့ ဆိုပါတယ်။

ဒါကြောင့် ဖမ်းဆီးထားတဲ့ ရွာသားတွေအားလုံးကို ချွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးဖို့၊ နှိပ်စက်ညှင်းပမ်းခံရ သူတွေကိုကုစားပြီး ပြစ်မှုကျူးလွန်သူတွေကို အရေးယူပေးဖို့နဲ့ မြန်မာ့တပ်မတော်က စစ်အင်အားတိုးချဲ့ပြီး ထိုးစစ်ဆင်နေတာတွေရပ်ပေးဖို့ဆိုတဲ့ အချက် (၃) ချက်ကို တအာင်း ကျောင်းသားနဲ့ လူငယ်သမဂ္ဂ TSYU ကတောင်းဆိုကြောင်း သိရပါတယ်။