မင်္ဂလာဒုံမှာ ကျူးကျော်အိမ်ခြေ နှစ်ထောင် ဖယ်ရှားဖို့ အမိန့်ထုတ်

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ကျေးရွာအုပ်စုမှာရှိတဲ့ မြဲမြံအောင်၊ စံသမာဓိနဲ့ ဓမ္မပါလ စတဲ့ရပ်ကွက်တွေက မြေဧက ၅၀၀ ကျော်မှာ ဆောက်လုပ်ထားတဲ့ အိမ်ခြေ နှစ်ထောင်ကျော်ကို ၆ရက်အတွင်း ဖယ်ရှားပေးဖို့ မြို့နယ်အုပ်ချုပ်ရေးမှူး လက်မှတ်နဲ့ ညွှန်ကြားချက် ထုတ်ထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၁ ရက်နေ့က ရပ်ကွက်အုပ်ချုပ်ရေးမှူးကတဆင့် ညွှန်ကြားချက်စာတွေကို ဝေထားတာဖြစ်ပြီး သတ်မှတ်ကာလအတွင်း မဖယ်ရှားရင် ဥပဒေအရ အရေးယူသွားမယ်လို့ သတိပေးထားကြောင်း စံသမာဓိရပ်ကွက် မှာနေထိုင်တဲ့ ကိုစောထင်အောင်က ပြောပါတယ်။

"စက်မှုဇုန်မြေဆိုပြီး အားလုံးဧက ၅၆ဝ ဆိုပြီးထည့်ထားတယ်၊ တကယ်တန်းကျတော့ ကျနော်တို့ ရပ်ကွက် ၃ ကွက် အနေအထားနဲ့ တိုးချဲ့ထားတဲ့အကွက် ၂ ကွက် အနေအထားဆိုရင် သူတို့ပြောတဲ့ဧက ၅ဝဝ ကျော်မရှိဘူးဗျ၊ ဒီမြေပေါ်မှာ အစိုးရပိုင်တဲ့မြေဘာညာပေါ့ ပစ္စည်းတွေကိုထားခဲ့ပြီးတော့ ကျန်တာတွေအကုန်လုံး ဖျက်ဆီးပြီးတော့ တစ်ပတ်အတွင်း ၁၁ ရက်နေ့ပေးပြီးတော့ ၁၇ ရက် နောက်ဆုံးထားပြီးတော့ ဖမ်ရှားပေးရမယ်၊ မဖယ်ရှားရင် ရက် ၃ဝ ထောင်ချမယ်ပေါ့"

အဲဒီနေရာမှာ လူဦးရေ တစ်သောင်းကျော် နေထိုင်နေတာဖြစ်ပြီး ပြောင်းရွှေ့ပေးဖို့အတွက် အခက်အခဲရှိကြောင်း ကို နိုင်ငံတော်သမ္မတနဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့ထံ မနေ့က မေတ္တာရပ်ခံစာပေးပို့လိုက်တယ်လို့လည်း သိရပါတယ်။

အဲ့ဒီမြေနေရာဟာ ၁၉၈၈ ခုနှစ်မတိုင်ခင်က မွေးမြူရေးနဲ့ ရေလုပ်ငန်းဦးစီးဌာနက နို့စားနွားမွေးမြူရေး လုပ်ငန်းစားကျက်မြေအဖြစ် အသုံးပြုခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ မြေလွတ်မြေရိုင်းဖြစ်နေတဲ့ အတွက် နေအိမ်တွေ ဆောက်လုပ်ပြီး ဝင်ရောက်နေထိုင်ကြတာဖြစ်တယ်လို့ ပြောကြပါတယ်။

အဲဒီရပ်ကွက်တွေမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ လောက်ကတည်းက နေထိုင်ခဲ့ကြသူတွေ ရှိသလို နာဂစ်လေမုန်တိုင်းဖြစ်ပြီးနောက်ပိုင်း ဧရာဝတီတိုင်းနဲ့ ပဲခူးတိုင်းဘက်က ပြောင်းရွှေ့လာကြသူတွေလည်း ရှိတယ်လို့ သိရပါတယ်။