ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော်မှာ အင်တာနက် ကလောင်ရှင် ဒေါက်တာဆိတ်ဖွား ဘယ်သူဆိုတာ တိတိကျကျ မဖော်ထုတ်နိုင်သေးပေမယ့် ဒေါက်တာဆိတ်ဖွားအနေနဲ့ နောက်နောင် လွှတ်တော်ကို တဖက်သတ် ဝေဖန်ရေးသားတာမျိုး မပြုလုပ်ဖို့ ပြည်ထောင်စု လွှတ်တော်နာယက ဦးခင်အောင်မြင့်က သတိပေး ပြောကြားလိုက်ပါတယ်။
ဒေါက်တာဆိတ်ဖွား စုံစမ်းရေး ကော်မရှင် ဥက္ကဌ ဦးမြငြိမ်းတင်ပြတဲ့ ကော်မရှင်ရဲ့ အစီရင်ခံစာ ရှင်းလင်းအပြီး နာယက ဦးခင်အောင်မြင့်က အခုလို ပြောကြားလိုက်တာပါ။
“ဒေါက်တာဆိတ်ဖွားရဲ့ ဝက်ဘ်ဆိုဒ်တွင် ၂ဝ ရက် ၁ လ ၂ဝ၁၃ က တင်ထားသော တောင်းပန်ခြင်းကို လက်ခံသော်လည်း စာနယ်ဇင်းသမားပီပီ အမှန်ကိုအမှန်အတိုင်းရေးရမည်၊ ရေးထားသည်ကိုလည်း အထောက်အထား ခိုင်ခိုင်လုံလုံဖြင့် မှန်ကန်ကြောင်း တာဝန်ယူရမည်ဖြစ်၍ နောက်နောင်တွင် ဤကဲ့သို့လုံးဝမပြုရန် ပြည်ထောင်စုလွှတ်တော် နာယကအနေဖြင့် သတိပေးလိုက်သည်”
ဆဌမအကြိမ် ကျင်းပပြီးစီးခဲ့တဲ့ လွှတ်တော်ကာလမှာ ဒေါက်တာဆိတ်ဖွားဆိုသူ ကလောင်ရှင်က အင်တာနက်စာမျက်နှာပေါ်မှာ ( Above The Law ) ဥပဒေရဲ့အထက်မှာဆိုတဲ့ ဆောင်းပါးနဲ့ လွှတ်တော်ကို ဝေဖန်ရေးသားခဲ့တာပါ။ အဲဒီလိုရေးသားခဲ့တဲ့ ဆောင်းပါးနဲ့ ပတ်သက်လို့ ပြည်ထောင်စု လွှတ်တော်က ဒေါက်တာဆိတ်ဖွားဆိုသူ ကလောင်ရှင်ကို စုံစမ်းဖော်ထုတ်ဖို့အတွက် အမျိုးသားလွှတ်တော် ဒုတိယနာယက ဦးမြငြိမ်းက ဥက္ကဌအဖြစ်ဆောင်ရွက်ပြီး လွှတ်တော်ကိုယ်စားလှယ် ၁၇ ဦးနဲ့ ဒေါက်တာဆိတ်ဖွားစုံစမ်းရေး ကော်မရှင်ကို ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။
ကော်မရှင်အနေနဲ့ ဒေါက်တာဆိတ်ဖွားကို စုံစမ်းဖို့အတွက် သတင်းမီဒီယာ ၈ ခုက တာဝန်ရှိသူတွေ အပါအဝင် အိုင်တီပညာရှင်၊ သက်ဆိုင်ရာဝန်ကြီးဌာနက တာဝန်ရှိသူတချို့ကိုလည်း ခေါ်ယူမေးမြန်းခဲ့တယ်လို့ သိရပါတယ်။ အဲဒီမေးမြန်းမှုထဲမှာ သမ္မတရုံးရဲ့ ပြန်ကြားရေးတာဝန်ခံ ဒုတိယဝန်ကြီး ဦးရဲထွဋ်ကိုလည်း မေးမြန်းခဲ့ကြောင်း ဦးရဲထွဋ်ရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ ဖော်ပြခဲ့ပါတယ်။
ဒီသတင်းနဲ့ ပတ်သက်ပြီး RFA သတင်းထောက် မဇင်မာဝင်းက သတင်းပေးပို့ထားတာ နားဆင်နိုင်ပါတယ်။