ဧရာဝတီမြစ်ရေ မြင့်တက်လာနေတဲ့အတွက် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသက ဟင်္သာတ၊ ညောင်တုန်း၊ ဇလွန်မြို့နယ်တွေမှာ ရေဖုံးလွှမ်းတာတွေ ဖြစ်နိုင်တဲ့အတွက် မြေနိမ့်ပိုင်းက ဒေသခံတွေ ရွှေ့ပြောင်းနေထိုင်ကြဖို့ မိုးလေဝသပညာရှင် ဒေါက်တာဦးထွန်းလွင်က သတိပေးလိုက်ပါတယ်။ အဲဒီမြို့နယ်တွေက အတော်များများနေ ရာတွေမှာ ရေစတင်ဖုံးလွှမ်းနေပြီး ဧရာဝတီမြစ်ရေ ဆက်လက်မြင့်တက်လာနိုင်တဲ့အတွက်ကြောင့် ကြိုတင်ပြင်ဆင်ထားကြဖို့ သတိပေးလိုကြောင်း ဒေါက်တာထွန်းလွင်က ပြောပါတယ်။
"ရေကြီးမယ်ဆိုရင်တော့ ပထမဦးဆုံး အသက်အန္တရာယ် ကာကွယ်ရမှာပေါ့ဗျာ၊ သက်ကြီးရွယ်အိုတွေ၊ လူမမယ်ကလေးတွေနဲ့ နာမကျန်းဖြစ်တဲ့သူတို့ ဘေးကင်းရာကို ကြိုတင်ရွှေ့ထားသင့်တာပေါ့၊ သွားရေးလာရေးလည်း စီမံသင့်တာပေါ့၊ အရေးကြီးရင် ဘာနဲ့သွားမလဲ လှေနဲ့သွားမှာလား ကားနဲ့သွားလို့ရမှာလား"
ပြီးခဲ့တဲ့သီတင်းပတ်အတွင်းက မြန်မာပြည်အထက်ပိုင်းမြစ်လက်တက်မှာ ရေကြီးခဲ့တာကြောင့် အခုအချိန်ဟာ ဧရာဝတီနဲ့ ချင်တွင်းမြစ်ထဲ ပေါင်းစီးဆင်းပြီး အောက်ပိုင်းက ဒေသတွေမှာ ရေကြီးတာတွေ ဖြစ်လာမယ်လို့ သတိပေးလိုက်တာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း ဧရာဝတီမြစ်ကမ်းဘေးက ပခုက္ကူ၊ ညောင်ဦး၊ မင်းဘူး၊ အောင်လံ၊ မကွေး၊ ပြည်၊ ဟင်္သာတ၊ ဇလွန် စတဲ့မြို့တွေမှာလည်း စိုးရိမ်ရေအမှတ်ကို ရောက်နေပြီလို့ မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနကလည်း သတင်းထုတ်ပြန်ထားပါတယ်။
ဦးထွန်းလွင်ကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
တဆက်တည်း အရေးပေါ်ကယ်ဆယ်ရေးဆောင်ရွက်ဖို့ ပြင်ဆင်ထားတဲ့အခြေအနေနဲ့ပတ်သက်ပြီး ဟင်္သာတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ကိုဝင်းဇော်ဦးကို RFA သတင်းထောက် မဇင်မာဝင်း ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
