ဘင်္ဂလားပင်လယ်အော်ထဲမှာ လက်ရှိဖြစ်ပွားနေတဲ့ မုန်တိုင်းအရှိန်ကြောင့် မြန်မာတစ်နိုင်ငံလုံးမှာ မိုးကြီးနိုင်ပြီး လက်ရှိရေကြီးနေတဲ့ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်တွေအပြင် ဧရာဝတီမြစ်ဝကျွန်းပေါ်မှာလည်း ရေ ကြီးနိုင်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာဦးထွန်းလွင်က သတိပေးပြောကြားလိုက်ပါတယ်။
အဲ့ဒီမုန်တိုင်းဟာ မြန်မာပြည်ထဲကို မဝင်နိုင်ပေမယ့် လာမယ့်တစ်ပတ်လုံးနီးပါးအထိ ရှိနေနိုင်ပြီး တစ်နိုင်ငံလုံးမှာ မိုးပိုလာလိမ့်မယ်လို့ ခန့်မှန်းကြောင်း ဦးထွန်းလွင်က ပြောပါတယ်။
"ဒီမုန်တိုင်းကတော့ မြန်မာပြည် အနားတော့ကပ်လာမယ်၊ အထူးသဖြင့်တော့ ရခိုင်ပြည်နယ် မြောက်ဘက်နားက ကပ်လာမယ်၊ ကပ်လာပြီးနောက်ပိုင်း တဖြေးဖြေးပိုအားကောင်းမယ်၊ ဒါပေမယ့် မြန်မာပြည်ကို မဝင်နိုင်ဘူး၊ အနောက်မြောက်သွားပြီးတော့ သြဂုတ်လဆန်း ၁ ရက် ပတ်ဝန်းကျင်လောက်မှာ အိန္ဒိယအရှေ့မြောက်ပိုင်း ကိုးကတ္တားပေါ့နော် အဲ့ဒီမြို့နားကနေပြီးတော့ ကမ်းကိုဖြတ်မယ်လို့ မှန်းထားပါတယ်၊ မြန်မာပြည်ကို မဝင်ဘူးလို့ မှန်းပါတယ်ခင်ဗျ၊ ဒီမုန်တိုင်းက ကျနော်တို့ အနေနဲ့ကတော့ အစကနေအဆုံး ပြီးတဲ့အထိအဝါရောင် ပဲဖြစ်မှာပါ၊ အဝါရောင်ရဲ့အဓိပ္ပာယ်က ဒီမုန်တိုင်းက ဘင်္ဂလားပင်လယ်အော်ထဲမှာဖြစ်တယ် ဒါပေမဲ့ မြန် မာပြည်ကို ဝင်ရောက်မယ်ဆိုတဲ့ မခန့်မှန်းဘူးဆိုတဲ့သဘော"
မုန်တိုင်းအရှိန်ကြောင့် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ် ၊ မကွေးတိုင်း၊ မြစ်ဝကျွန်းပေါ်ဒေသတွေမှာ မိုးအများဆုံး ရွာသွန်းနိုင်ပြီး မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတွေမှာလည်း မိုးကြီးနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
လက်တလော ရေကြီးနေတဲ့ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်က ဒေသအတော်များများမှာလည်း မိုးဆက်တိုက် ရွာနိုင်တာမို့ ရေကြီးတာတွေ ဆက်လက်ဖြစ်နိုင်သေးတယ်လို့ ပြောပါတယ်။
ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်ထဲမှာလည်း လာမယ့် သီတင်းတစ်ပတ်လုံးနီးပါး မိုးဆက်လက်ရွာနိုင်တဲ့ အတွက် ရေကြီးတာတွေ၊ မြေပြိုတာတွေ ရှိနိုင်ပြီး သတိထားကြဖို့လည်း ပြောပါတယ်။
ဒေါက်တာဦးထွန်းလွင်ကို RFA သတင်းထောက် ကိုကျော်သူ က ဆက်သွယ်မေးမြန်းထားပါတယ်။
