ရေရှားပါးမှုအတွက် ငွေကျပ် ၂.၆၅ ဘီလီယံ အသုံးပြုမည်

မြန်မာနိုင်ငံက ရေရှားပါးမှုကြုံတွေ့နေရတဲ့ ကျေးရွာ ၆ဝဝ အတွက် အစိုးရက ငွေကျပ် ၂.၆၅ ဘီလီယံ အသုံးပြု ပြီး ရေရအောင် အကူအညီပေးသွားမယ်လို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ပြောပါတယ်။

တစ်နိုင်ငံလုံးက ရေရှားပါးမှုရင်ဆိုင်နေရတဲ့ ကျေးရွာတွေအတွက် အစိုးရရဲ့ပြင်ဆင်မှုကို အာအက်ဖ်အေ က မေးမြန်းရာမှာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်သူအောင် က ပြောတာဖြစ်ပါတယ်။

"အယ်လ်နီညိုရာသီဥတုနဲ့ နွေရာသီရေရှားပါးတဲ့ရွာတွေကို အစိုးရသစ်ရဲ့ ရက် ၁ဝဝ အတွက် လုပ်မယ့်ဟာတွေအတွက် လုပ်ထားပါတယ်ဗျ၊ အဲ့ဒါက နေပြည်တော်အပါအဝင် ပြည်နယ်၊ တိုင်း ၁၄ ခုပါဝင်ပြီး ပအိုဝ်း၊ ကိုးကန့်၊ နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ၃ ခုဖြစ်တယ်၊ ကျေးရွာပေါင်း ၅၈၄ ရွာမှာ တွင်းတိမ်က ၂၁၆၊ လက်တူးတွင်းက ၃၈၆၊ စုစုပေါင်း လုပ်ငန်းပေါင်းက ၆ဝ၂ ခု၊ ကုန်ကျမယ့် ခန့်မှန်းလျာထားငွေက ၂.၆၅ ဘီလီယံပေါ့၊ အဲ့ဒါကို အစိုးရသစ်ရဲ့ ရက် ၁ဝဝ အတွက် ကျနော်တို့ အကောင်အထည်ဖော် ဆောင်ရွက်သွားမှာပါ"

အယ်နီညိုရာသီဥတုကြောင့် ရေရှားပါးတဲ့ပြဿနာကို ဖြေရှင်းပေးဖို့ အစိုးရသစ်ရဲ့ ရက်ပေါင်း ၁ဝဝ အတွင်း ဆောင် ရွက်မယ့် စီမံကိန်းလုပ်ငန်းတွေအဖြစ် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းနဲ့ပြည်နယ် ၁၄ ခု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေဖြစ်တဲ့ ပအိုဝ်း ၊ ကိုးကန့်နဲ့ နာဂ စတဲ့ဒေသတွေက ရွာပေါင်း ၆ဝဝ နီးပါးကို အဲဒီလျာထားငွေနဲ့ ကူညီမှာဖြစ်ပါတယ်။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေနဲ့ လတ်တလောမှာ ရေရှားပါးတဲ့ဒေသတွေကို ရေသယ် ယာဉ်တွေ၊ မီးသတ်ကားတွေနဲ့ ရေဖြန့်ဝေပေးနေပြီး ကုန်းလမ်းမရှိတဲ့နေရာတွေကို စက်လှေတွေနဲ့ သောက် သုံးရေတွေ ပို့ဆောင်ပေးနေတာ ဖြစ်ပါတယ်။